စပါးအသင်းမှ နည်းပြဆရာများ သင်ကြားပေးသည့် Football Clinic အစီအစဉ်ပြုလုပ်

၂၃ ဖေဖော်ဝါရီ

နာမည်ကြီးအင်္ဂလန်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းမှ နည်းပြဆရာများ သင်ကြားပေးသည့် AIA Goal Football Clinic အစီအစဉ်ကို ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ YUSC ၌ ပြုလုပ်ခဲ့သည်။

စပါးအသင်းမှ နည်းပြဆရာများသည် AIA Myanmar ၏ အစီအစဉ်ဖြင့် လာရောက်သင်ကြားပေးခြင်းဖြစ်ပြီး အသက် ၇ နှစ် ၁၄ နှစ်အကြားရှိ ကလေးသူငယ် ၂၄၀ ဦး တက်ရောက်သင်ကြားခဲ့သည်။ သင်ကြားသူအရေအတွက် များပြားခဲ့သောကြောင့် အချိန်များခွဲကာ ညနေပိုင်းအထိ သင်ကြားပေးခဲ့သည်။ တစ်ရက်ကြာ သင်ကြားပေးသည့် အစီအစဉ်ဖြစ်သောကြောင့် ကလေးသူငယ်များအတွက် ဘောလုံးအခြေခံနည်းစနစ်များအပြင် ကျန်းမာရေးကို အထောက်အကူပြုမည့် လေ့ကျင့်ခန်းများ၊ ပျော်ရွင်ဖွယ်အစီအစဉ်များကို နည်းပြသုံးဦးက သင်ကြားပေးခဲ့သည်။ 

စပါးအသင်းနည်းပြအဖွဲ့တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး အန်တန်ဘလက်ဝုဒ်မှာမူ ပထမအကြိမ် လာရောက်သင်ကြားစဉ်ကလည်း ပါဝင်ခဲ့သူဖြစ်သည်။ စပါးအသင်းနည်းပြအဖွဲ့တွင် အန်တန်ဘလက်ဝုဒ်၊ ဟာရစ်နှင့် အမျိုးသမီးနည်းပြ မိုလိုနေးတို့ ပါဝင်ခဲ့သည်။

AIA ၏ Football Clinic အစီအစဉ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာက ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ကလေးငယ်များကို ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့သည်။ AIA သည် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးလျက်ရှိပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကိုလည်း စပွန်ဆာပေးထားကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်