စပါးအနှံထွက်ချိန် ကြွက်နှင့် ပိုးမွှားများ ဖျက်ဆီးမှု ကင်းရှင်းရေး လယ်ကန်သင်းများ၌ ပေါင်းမြက်ရှင်း

mdn

ကျောက်ထု    စက်တင်ဘာ    ၁၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ရှိ မိုးစပါးလယ်ယာမြေများ၌ ဆင်းသုခ၊ မနောသုခ စပါးမျိုးနှင့် ကောက်ညှင်းစပါးမျိုးများ စိုက်ပျိုးကြပြီး ယခင်နှစ် အတွေ့အကြုံများအရ အထွက်နှုန်း ကောင်းသည့် ဆင်းသုခစပါးမျိုးကို မျိုးသန့်မျိုးပွားအတွက် အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စပါးများကို ပင်ကြား(လေးလက်မ)တန်းကြား ခြောက်လက်မထား၍ မိုးရာသီ ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် ရိတ်သိမ်းချွေလှေ့နိုင်မည်ဖြစ်သည်။ ယခုနှစ် မိုးစပါးများ အနှံထွက်ချိန်တွင် ကြွက်နှင့် ပိုးမွှားများ ဖျက်ဆီးမှုရှိလာသဖြင့် အန္တရာယ်ကင်းရှင်းစေရန် လယ်ကွင်းပေါင် ကန်သင်းနေရာများတွင် ပေါင်းမြက်များ ရှင်းလင်းလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပေါင်းမြက်ရိတ်စက်ဖြင့် ရိတ်သိမ်းကြပြီး စက်ငှားခနှင့် လုပ်အားခ တစ်နေ့လျှင် တစ်သောင်းကျပ်နှုန်းဖြင့် ပေါင်းမြက်ရှင်းလင်းဆောင်ရွက်ကြသည့်အပြင် ကြွက်နှင့် ပိုးမွှားအန္တရာယ် ကင်းရှင်းစေရန် ရေသွင်းခြင်းများလည်း ဆောင်ရွက်ကြသည်။ ထို့ပြင် မိုးစပါးများ အနှံနှင့် အသီးများ အောင်မြင်စေရန် ဓာတ်မြေသြဇာ ကြဲပက်ခြင်းကိုလည်း ဆောင်ရွက်ကြကြောင်း သိရသည်။ 

စိန်ကျော်