COVISHIELD ကာကွယ်ဆေးသဘာဝကလည်း ဘေးထွက်ဆိုးကျိုးအလွန်တရာ နည်းပါးတဲ့ဆေး ဖြစ်ပါတယ်၊ ဒီကာကွယ်ဆေးကတော့ အကျိုးပိုများပါတယ်၊ အပြစ်က နည်းနည်းလေးပဲရှိတယ်၊ ဒါကြောင့် အကျိုးများလို့ ထိုးရမှာဖြစ်ပါတယ် (ဒေါက်တာထွန်းမြင့်)

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးများအား စနစ်တကျ သိုလှောင်ထားရှိမှု၊ နေရာအနှံ့ ကာကွယ်ဆေးထိုးနှံနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကာကွယ်ဆေးများ ပို့ဆောင်ပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများပေးကာ လေ့ကျင့်ပေးနေမှုနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

 

မေး ။ ။ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို လှူဒါန်းထားတဲ့ COVISHIELD ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်လိုစီမံဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

 

ဖြေ ။ ။ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို COVISHIELD ကိုဗစ် ကာကွယ်ဆေးကိုလှူ ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်အရ အိန္ဒိယအစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံကို လှူဒါန်းတဲ့ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးက ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းလွဲ ၂နာရီခွဲမှာ Air India လေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ ပမာဏကတော့ ပထမဦးဆုံးအနေနဲ့ ထိုးဆေးတစ်သန်းခွဲ ရောက်ရှိလာတာဖြစ်တဲ့အတွက် လူဦးရေ ခုနစ်သိန်းခွဲစာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေးတွေကို အအေးခန်းပါတဲ့ ယာဉ်နှစ်စီးနဲ့ ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ ဗဟိုကာကွယ်ဆေး သိုလှောင်ရုံကို ပို့ပါတယ်။ အဲဒီကိုပို့ပြီး စနစ်တကျ ထိန်းသိမ်းထားပါတယ်။ ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်ဟာ ပုံမှန်ကာကွယ်ဆေးထိုးရာမှာ သုံးနေတဲ့ကာကွယ်ဆေးတွေရဲ့ သိုလှောင်တဲ့အပူချိန်ပါပဲ။ ဒီအတွက် ကြီးကြီးမားမားတော့ ပြောင်းလဲပြီး ဆောင်ရွက်ရတာ မရှိပါဘူး။ လုံခြုံရေးကအစ အစစအရာရာ အထူးဂရုစိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြပြီး လေဆိပ်ကနေ Central Cold Room ကို ရောက်တဲ့အထိ နောက်ပြီး Cold Room မှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အစီအစဉ်နဲ့ လုံခြုံရေး အပြည့်အဝယူပြီး ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ထားပါတယ်။ အပူချိန် Cold Chain မပြတ်ရေးအတွက် ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကာကွယ်ဆေး ရောက်လာမယ် ဆိုကတည်းက ပြင်ဆင်ရတာ ရှိပါတယ်။ ကာကွယ်ဆေး မရောက်လာခင်ကတည်းက အအေးခန်းတွေကို စိစစ်ဆောင်ရွက်ထားပါတယ်။ အားလုံးအဆင်သင့် ဖြစ်နေတဲ့ အနေအထားမှာ ထားသိုတာဖြစ်ပါတယ်။ နောက်တစ်နေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို ဖြန့်ဝေပါတယ်။ အခုဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို သွားနေကြပါပြီ။

 

မေး ။   ။ ကာကွယ်ဆေးကို ဘယ်လိုအစီအစဉ်တွေချမှတ်ပြီး ထိုးနှံပေးသွားမယ်ဆိုတာ သိချင်ပါတယ်။

 

ဖြေ ။   ။ ဇန်နဝါရီ ၂၇ ရက်မှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေး စတင်ထိုးပေးနိုင်မယ့် အခြေအနေရှိပါတယ်။ ကာကွယ်ဆေးထိုးနှံပေးဖို့ ဦးစားပေး အုပ်စုတွေ သတ်မှတ်ထားတာရှိပါတယ်။ ကာကွယ်ဆေး ရရှိတဲ့အပေါ်မူတည်ပြီး ဦးစားပေးအဆင့်နဲ့ တဖြည်းဖြည်းချင်း ထိုးပေးသွားမယ့် အစီအစဉ် ရှိပါတယ်။ ကနဦးအနေနဲ့တော့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးမှာ ရှေ့တန်းကပါနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကနဦး ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။

 

နောက်ပြီး ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကို အစဉ်လိုက် ကာကွယ်ဆေးထိုးနှံသွားဖို့ ရှိပါတယ်။ ကာကွယ်ဆေး ထပ်မံရရှိလာမယ့်အပေါ် ဦးစားပေးလျာထားတဲ့ အုပ်စုတွေကို တဖြည်းဖြည်းချင်း ဆောင်ရွက်ပေးသွားပြီး တစ်နိုင်ငံလုံးကို အမြန်ဆုံးလွှမ်းခြုံနိုင်အောင် နိုင်ငံတော် အစိုးရနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့က လည်း ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

 

နောက်ပြီး ကိုဗစ်ကာကွယ်ရေးလုပ်နေတဲ့ Quarantine ကုသရေးဆေးရုံတွေ၊ ကုသရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း ဦးစားပေးအစဉ်လိုက် ထိုးနှံပေးသွားဖို့ ရှိပါတယ်။ ပြီးရင်တော့ နိုင်ငံ့ဝန်ထမ်းတွေ စသဖြင့် အစဉ်လိုက် ထိုးနှံသွားဖို့ ရှိပါတယ်။ ကာကွယ်ဆေးရရှိတဲ့အပေါ် မူတည်ပြီး တဖြည်းဖြည်းချင်း တိုးချဲ့ပြီး အားလုံးလွှမ်းခြုံအောင် ထိုးနှံသွားဖို့ရှိတယ်။ ။

 

မေး ။   ။  COVISHIELD ကိုဗစ်ကာကွယ်ဆေးက ဘယ်လိုအခြေအနေမျိုးမှာ မထိုးသင့်ဘူးလဲဆိုတာ သိချင်ပါတယ်။

 

ဖြေ ။   ။ ကာကွယ်ဆေးမှာပါဝင်တဲ့ ပစ္စည်းတွေ ရှိပါတယ်။ ဒါတွေနဲ့ ဓာတ်မတည့်ဘူးဆိုရင် မထိုးရပါဘူး။ ဒီမှာဆိုရင် L-Histidine ၊ L-Histidine hydrochloride monohydrate ၊ Magnesium chloride hexahydrate ၊  Polysorbate 80၊ Ethanol၊ Sucrose၊ Sodium chloride၊ Disodium edentate dehydrate (EDTA) Water for Injection ဒါတွေနဲ့ မတည့်တဲ့သူတွေအနေနဲ့ ကာကွယ်ဆေး လုံးဝမထိုးရပါဘူး။ နောက်တစ်ခုက ပထမအကြိမ် ကာကွယ်ဆေးထိုးတုန်းက ဓာတ်မတည့်တာဖြစ်တယ်ဆိုရင် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးသင့်ပါဘူး။

 

နောက်တစ်ခါ သတိထားပြီး ကာကွယ်ဆေးထိုးရမယ့် အုပ်စုဆိုတာရှိပါတယ်။ အဲဒီသူတွေကတော့ HIV ပိုးကူးစက်ခံရတဲ့သူတွေ၊ ကင်ဆာရောဂါဝေဒနာရှင်တွေ၊ ကိုယ်ခံအားစနစ်ကို ထိန်းချုပ်တဲ့ဆေးဝါး ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို ထိန်းချုပ်တဲ့ဆေးဝါးနဲ့ ရောဂါကုထုံး တစ်ခုခုကို ကုသမှု ခံယူနေတဲ့သူတွေဖြစ်ပါတယ်။ ဒီလူတွေကတော့ ကာကွယ်ဆေးထိုးပြီးရင် ကိုယ့်ရဲ့ ကိုယ်ခံအားကလည်း တုံ့ပြန်မှုအားနည်းနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီလိုလူတွေကတော့ သတိထားပြီး ထိုးရမှာဖြစ်ပါတယ်။ နောက်တစ်ခုက သွေးမတိတ်တဲ့ရောဂါ၊ သွေးကျဲဆေး သောက်သုံးနေရတဲ့သူတွေ အဲဒီလူတွေ ကာကွယ်ဆေး ထိုးလိုက်တဲ့အခါကျရင် ကာကွယ်ဆေးထိုးတဲ့နေရာမှာ သူတို့တွေ ဘာဖြစ်နိုင်လဲဆိုတော့ သွေးထွက်နေတာတို့၊ သွေးခြည်ဥတာတို့ ဖြစ်နိုင်ပါတယ်။ အဲဒီလိုလူမျိုးတွေဆိုရင် သတိထားပြီး ထိုးပေးရမယ့်သူစာရင်းထဲကို ထည့်ရမှာ ဖြစ်ပါတယ်။ COVISHIELD က သတိထားထိုးပေးဖို့ လိုအပ်ပါတယ်။ ။

 

မေး ။   ။ ကိုဗစ်ကာကွယ်ဆေးတွေ ပြည်တွင်းကိုတရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာ နိုင်တဲ့အတွက် ဒီလိုဝင်ရောက်လာမယ့် ဆေးဝါးတွေအပေါ် ပြည်သူတွေကို အသိပေးချင်တာများ ရှိရင်လည်း ပြောကြားပေးပါ။

 

ဖြေ ။   ။ ကိုဗစ် ကာကွယ်ဆေးတွေ တရားမဝင်ဝင်ရောက်လာရင် ပြည်သူလူထုကို အသိပေး ချင်ပါတယ်။ ဆေးဝါးအတုတွေ၊ FDA အသိအမှတ်မပြုတဲ့ ဆေးဝါးတွေကို ပြည်သူလူထု ထိုးမိမှာ စိုးရိမ်ရပါတယ်။ ဒီဆေးတွေရဲ့ အရည်အသွေး ဘယ်လောက်ထိ စိတ်ချရမှု ရှိမလဲဆိုတာ ဘယ်သူမှလည်း အာမ မခံနိုင်ပါဘူး။ အာမ မခံနိုင်တဲ့ အတွက်ကြောင့် မထိုးသင့်ပါဘူး။ အကယ်၍ ဆေးကတော့ စစ်တယ်။ ဒါပေမယ့်လည်း အအေးလမ်းကြောင်း စနစ်ပျက်ခဲ့တယ်။ ဒါကိုလည်း ထိုးမိရင် အလကားဖြစ်မှာပါ။ ထိုးပြီးရင်လည်း အန္တရာယ်က ပိုများပါတယ်။ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာရင် ဘယ်လိုမှကို စိတ်ချရမှု၊ ယုံကြည်ရမှုမရှိတဲ့အတွက် အန္တရာယ်လည်း ပိုပြီးတော့ များပါတယ်။ ပြည်သူလူထုကို အကျိုးထက် အပြစ်ပိုဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ရှောင်ဖို့လိုပါတယ်။ ဒီလိုတရားမဝင် တင်သွင်းလာတဲ့သူတွေအနေနဲ့လည်း ပြည်သူလူထုကို စာနာသောအားဖြင့် ဘာအာမခံချက်မှ မရှိတဲ့ဆေးတွေ မတင်သွင်းကြဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန၊ FDA တို့ကနေလာတဲ့ စိတ်ချရတဲ့ အရည် အသွေး၊ အအေးလမ်းကြောင်း မပျက်တဲ့ ကာကွယ်ဆေးတွေကိုပဲ စိတ်ချလက်ချ ထိုးနှံကြဖို့လိုပါတယ်။ ကိုယ့်အလှည့် မရောက်သေးရင်လည်း ခဏစောင့်ဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးအုပ်စုတွေ၊ အန္တရာယ်အရှိဆုံး အုပ်စုတွေကို အရင်ထိုးပေးနေရတဲ့အတွက် ဆန္ဒမစောကြဖို့ မေတ္တာရပ်ခံ တင်ပြလိုပါတယ်။

 

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်လည်း ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ Mask တပ်ပါ။ လက်ဆေးပါ၊ ခပ်ခွာခွာနေပါဆိုတဲ့ အမူအကျင့်တွေကတော့ တစ်သက်လုံး လိုက်နာသွားရမယ့် အချက်တွေပါပဲ။ ဒါတွေကို လိုက်နာပေးဖို့အတွက် မေတ္တာရပ်ခံပါတယ်။

 

မေး ။   ။ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးမှာ တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်း တွေကို လေ့ကျင့်သင်ကြားပေးမှုတွေ ရှိရင်လည်း သိချင်ပါတယ်။

 

 

ဖြေ ။   ။ COVISHIELD ကိုဗစ်ကာကွယ်ဆေးကတော့ အသားဆေးပါ။ ဒါထိုးတာနဲ့ ပတ်သက်ပြီး သိုလှောင်ရေးမှာလည်းပဲ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အအေးလမ်းကြောင်း မပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းတာ၊ ထားသိုတာ၊ သယ်ဆောင်တာတွေမှာ အတွေ့အကြုံရှိပြီးသားပါ။ တော်တော်လည်း အတွေ့အကြုံ ရင့်ကျက်ကြပါတယ်။ ဆရာဝန်ကြီးတွေ အပါအဝင် အခြေခံကျန်းမာရေး ဝန်ထမ်းအားလုံးက ကြီးကြပ်မှု အပိုင်းမှာလည်း အားကောင်းကြပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာတော့ ဒီလိုအားကောင်းနေတဲ့အချက်က အားသာချက် ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ သင်တန်းတွေ ထပ်ကာထပ်ကာ ပေးနေပါတယ်။ ပြည်သူလူထုအပေါ် အမှားအယွင်း အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို အခုသင်တန်းပေးနေပါတယ်။ ဗဟိုကနေ ပြည်နယ်နဲ့ တိုင်းအဆင့် ဆေးရုံတွေရော အားလုံးကို သင်တန်းပေးနေတာ ဒီနေ့ဆို သုံးရက်မြောက်ရှိပါပြီ။

 

သူတို့တွေကို သင်တန်းပေးပြီးသွားရင်လည်း မြို့နယ်မှာ ထိုးနှံမယ့် Vaccinator တွေကိုလည်း ကျွန်တော်တို့ရဲ့ မော်ဂျူးသင်တန်းတွေ ပေးသွားမှာဖြစ်ပါတယ်။ ဒီလို စနစ်တကျ ပြင်ဆင်တဲ့အထဲမှာ ကာကွယ်ဆေးထိုး စုရပ်တွေကို ပြင်ဆင်တာလည်း ပါပါတယ်။ နောက်တစ်ခုက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ ထိုးနှံရတဲ့အတွက် ရောဂါကူးစက်မှု ကာကွယ်တားဆီးတာ၊ ထိန်းချုပ်တာ အထူးဂရုစိုက်ပြီး ပြင်ဆင်ရပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တာတွေ၊ ဒီလိုကာကွယ်ဖို့အတွက် လက်သန့်ရှင်းရေး၊ Level 2 PPE ဝတ်ဆင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ နောက်ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်ရေးဒါတွေကို အစစအရာရာ အသေးစိတ် ဒီသင်တန်းမှာ ပြင်ဆင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ထမ်း အတွေ့အကြုံရှိပြီးသား ကာကွယ်ဆေး ထိုးနှံဖူးတဲ့ အတွေ့အကြုံရှိတဲ့ သူနာပြု ဆရာမတွေ၊ သားဖွားဆရာမတွေ ကနဦးမှာတော့ သူနာပြု ဆရာမတွေ ကနေပြီးတော့ စနစ်တကျ ပြင်ဆင်ပြီး ထိုးနှံ ပေးသွားမှာ ဖြစ်ပါတယ်။

 

မေး ။   ။ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆိုးကျိုး တွေရှိတယ်လို့ ရေးသားဖော်ပြနေတာ တွေ့နေရပါတယ်။ ပြည်သူလူထုကလည်း ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ ။   ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးတွေကအစ ကြိုတင်ပြီး တွက်ဆထားတာ ရှိပါတယ်။ တွက်ဆထားပြီးတော့လည်း သင်တန်းပေးတဲ့အခါမှာ ပြည်သူလူထုအတွက် ဆိုးကျိုးတွေကဘာဖြစ် တတ်သလဲ။ ဘာဖြစ်ရင် ဘယ်လိုလုပ်ကြမယ်။ ဆေးဓာတ်မတည့်တာဖြစ်ရင် ဘယ်လိုကုသကြမယ်။ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ သင်တန်းတွေ ပေးပါတယ်။ COVISHIELD ကာကွယ်ဆေး သဘာဝကလည်း ဘေးထွက်ဆိုးကျိုး အလွန်တရာ နည်းပါးတဲ့ဆေးဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကတော့ အကျိုးပိုများပါတယ်။ အပြစ်က နည်းနည်းလေးပဲရှိပါတယ်။ ဒါကြောင့် အကျိုးများလို့ ထိုးရမှာဖြစ်ပါတယ်။ ဒါကိုတော့ ပြည်သူလူထုကို တင်ပြချင်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားထားတာတွေနဲ့ ပတ်သက်လို့ကျွန်တော်တို့လည်း ထပ်ခါတလဲလဲ တင်ပြခဲ့တဲ့အတိုင်း ပြည်သူလူထုအနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်လွှင့်နေတာတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာတွေ၊ ဝက်ဘ်ဆိုက်တွေပေါ်ကနေပြီး အသိပေးတဲ့ အချက်အလက်တွေကို ယုံယုံကြည်ကြည်နဲ့ လက်ခံပေးဖို့ပဲ တိုက်တွန်းချင်ပါတယ်။ သတင်းအမှားတွေ၊ သတင်းအတုတွေက ကိုဗစ်-၁၉ ထက် ကြောက်စရာကောင်းပါတယ်။ သတင်းအမှားတွေကို မယုံကြပါနဲ့။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပူးပေါင်း ဆောင်ရွက်သွားစေလိုပါတယ်။

 

မေး။   ။ ကိုဗစ်-၁၉ ရောဂါကနေ ပျောက်ကင်းသက်သာသွားတဲ့ သူတွေအနေနဲ့ ဒီကာကွယ်ဆေးက ထိုးသင့်ပါသလား။

 

ဖြေ ။   ။ ထိုးသင့်ပါတယ်။ ရောဂါ ပျောက်ကင်းသွားပြီဆိုသော်လည်း နောင်တစ်ချိန်ပြန်မဖြစ်ဘူးလို့ အာမ မခံနိုင်ပါဘူး။ ပြန်ဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ရောဂါပျောက်ကင်းသွားတဲ့ သူကလည်း ဒီကာကွယ်ဆေးထိုးနှံသင့်ပါတယ်။ ဒီကာကွယ်ဆေးက အသက် ၁၈ နှစ်အထက် ထိုးဖို့ဖြစ်ပါတယ်။ ကာကွယ်ဆေးက ရောဂါပြီးဆေး မဟုတ်ဘူးဆိုတာ ပြည်သူလူထု အနေနဲ့ သိထားဖို့လိုပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးရင်လည်းပဲ New Normal မှာသွားမယ့် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း စတဲ့အလေ့ အကျင့်ကောင်းတွေကို ဆက်ပြီးကျင့်သုံး သွားရဦးမှာပါပဲ။ ကာကွယ်ဆေးရပြီဆိုပြီး သတိလက်လွတ်မနေလိုက်ကြပါနဲ့။ ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီးတော့လည်း အမူအကျင့်ကောင်းတွေကို မစွန့်လွှတ်လိုက်ကြပါနဲ့။ ဒီလို စွန့်လွှတ်လိုက်ခြင်းဟာ ကိုဗစ်-၁၉ အန္တရာယ်ကို ဖိတ်ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေဟာ တစ်သက်တာလုံး လိုက်နာသွားရမယ့် အချက်တွေဖြစ်ပါတယ်။ ကာကွယ်ဆေးမရခင်မှာလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးရင်လည်း ပိုပြီးသတိထားပြီးတော့ကို ဒီကာကွယ်ဆေးရဲ့ အကျိုးတွေ ပြည့်ပြည့်ဝဝရရှိဖို့အတွက် ဒီအချက်တွေဟာ ပြည်သူလူထု လိုက်နာရဦးမယ့် အချက်တွေ ဖြစ်ပါတယ်။

 

မေး ။   ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြားပေးပါ။

 

ဖြေ ။   ။ အားလုံးမျှော်လင့်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိတယ်ဆိုတော့ ပြည်သူလူထုအားလုံး အနေနဲ့လည်း ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ သတိပြုရမယ့် အချက်တွေကိုလည်း ပြည်သူလူထုကို အသိပေးပြီး ဖြစ်ပါတယ်။ ထိုးနှံပေးမယ့်သူတွေဘက်ကိုလည်း အအေးလှိုင်းမပျက်အောင် ထိန်းသိမ်းတာ၊ ဆေးဓာတ်မတည့်ရင် ကြုံရမယ့် အချက်တွေကအစ အားလုံးကို သင်တန်းပေးပြီး ဖြစ်ပါတယ်။ သင်တန်းတွေပေးလည်း ပေးနေပါတယ်။ ကာကွယ်ဆေးရရှိတဲ့အပေါ် မူတည်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ရွေးချယ်ထားတဲ့ အုပ်စုတွေရှိပါတယ်။ ဒီအုပ်စုတွေအလိုက် တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ရရှိတဲ့ကာကွယ်ဆေး အရေအတွက်ပေါ်မူတည်ပြီး ကာကွယ်ဆေးထိုး အစီအစဉ်ကို လစဉ်လစဉ် ဆောင်ရွက်သွားပါမယ်။ ကာကွယ်ဆေးထိုးပြီးရင်လည်း Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါဆိုတဲ့ အမူအကျင့်တွေကို ဆက်လက်ဆောင်ရွက်ပေးပါ။ ကာကွယ်ဆေး မရခင်လည်း လိုက်နာရမှာဖြစ်သလို ကာကွယ်ဆေးရပြီးတဲ့အခါမှာလည်း New Normal မှာ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း အလေ့အကျင့် ကောင်းတွေကို ဆက်လက်ပြီးတော့ ဘဝတစ်လျှောက်လုံး နေသွားကြဖို့၊ လိုက်နာသွားကြဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

 

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA)

ဓာတ်ပုံ - ဥဂ္ဂါဖြိုး