COVID -19 ရောဂါသက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fun မှ ချေးငွေများထုတ်ပေးမည် 

မန္တလေး  ၃၁   မတ် 

မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်းကဏ္ဍများအား COVI-19မှ ချေးငွေများအား ထုတ်ချေးပေးရာတွင် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ဒီရောဂါကြောင့် လုပ်ငန်းတွေရပ်နားသွားတာမျိုးတွေ၊ လုပ်သားတွေကို လစာပေးတာ အခက်အခဲတွေရှိတဲ့အခါ အဲဒါတွေအတွက် ချပေးတဲ့ချေးငွေတစ်ခုပါ၊ ချေးငွေတွေကို တစ်တိုင်းပြည်လုံး ချပေးတဲ့အခါမှာ အသင်းအနေနဲ့ မန္တလေးတိုင်းအတွင်းရှိ သက်ဆိုင်တဲ့ဒီလုပ်ငန်းရှင်တွေရော ဒီချေးငွေကို လျှောက်ထားနိုင်ဖို့ အတွက်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပါတယ်"ဟု မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။ 

အဆိုပါချေးငွေကိုဦးစားပေးကုစားရမည့်ကဏ္ဍများတွင်အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများ ကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ COVID-19ကြောင့် အခက်အခဲဖြစ်သောလုပ်ငန်းရှင်များ အားလုံး လျှောက်ထားနိုင်ကြောင်းနှင့် နိုင်ငံတော်မှ ပြည်သူလူထုများ အားလုံးအတွက်ချပေးသောချေးငွေ ဖြစ်ကြောင်း သိရသည်။

"အချက်၁၀ချက်ရှိတယ်၊ SMEတွေအတွက်အချက်တွေလည်းရှိတယ်၊ လုပ်ငန်းတွေအတွက် လိုက် နာရမယ့် ပါဝင်ရမယ့်အချက်တွေ၊ ပူးတွဲပြီးတင်ပြရမယ့် အချက်တွေကို UMFCCIရဲ့ အွန်လိုင်းမှာလည်း တင် ထားသလို MRCCI pageမှာလည်း ညွှန်းပြထားပါတယ်၊ SME လုပ်ငန်းတွေ အတွက်ဆို လူမှုဖူလုံရေးကြေး ဆိုတဲ့အချက်အလက်လည်းပါတယ်၊ လျှောက်ထားတဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ ဝင်ငွေဘယ်လိုပုံစံမျိုးနဲ့ဝင်ရှိနေ တယ်ဆိုတာတွေကို ဖော်ပြပါရှိရမယ်" ဟု ဆက်လက်ပြောသည်။ 

ချေးငွေလျှောက်ထားရာတွင် အကျုံးဝင်သော အချက်များမှာ COVID-19 ကြောင့် အမှန် တကယ်ထိခိုက်မှုရှိသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းဖြစ်ရမှာဖြစ်ပြီး ကြေညာချက်ထုတ်ပြန်သည့် နေ့မှ ယခင် ၃ လအတွင်း ရပ်နားထားသော လုပ်ငန်းဖြစ်ကာ ချေးငွေရရှိပါက ချက်ချင်းပြန်လည် လည်ပတ်နိုင်သော လုပ်ငန်းဖြစ်ရမည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက် (သို့မဟုတ်)လိုင်စင်ရထားသော လုပ်ငန်းဖြစ်ပြီး လွန်ခဲ့သော၂နှစ်တာ ကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ကာချေးငွေပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောအခြေနေရှိသော လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်း၊ ချေးငွေအား ဝန်ထမ်းများနှင့်လုပ်သားများလစာပေးရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရန်အတွက် သာ အသုံးရမည်ဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးမှ ဆိုင်းငံခံထားရခြင်း၊ ပယ်ဖျက်ခံထားရသော ကုမ္ပဏီမဖြစ်စေရန်နှင့် ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသော လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးကြေးပုံမှန် ထည့်ဝင်ထားသည့်လုပ်ငန်းကို ဦးစားပေးသွားမှာ ဖြစ်ပြီး ကုမ္ပဏီ ဖြစ်ပါကဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါကချေးငွေယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေကို ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်ဖြစ်ကြောင်း သိရသည်။ 

ချေးငွေလျှောက်လွှာများကို မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၉ရက်နေ့အတွင်း နံနက် ၉နာရီခွဲမှ ညနေ ၄နာရီအထိ MRCCIရုံးတွင် လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာများကို MRCCI ရုံး၌ ဖြစ်စေ၊ MRCCI Facebook Page နှင့် UMFCCI Website တွင် ရယူနိုင်သည်။ 

ထိပ်ထားနိုင်