COVID – 19 ရောဂါ ရိုက်ခတ်မှုကြောင့် ဆန်များ ပြတ်မည်ကို စိုးရိပ်စရာမရှိ၊ ပြည်တွင်း စားသုံးရန် ဆန်အလုံအလောက်ရှိနေ

မန္တလေး ၂၈   မတ်        

 

မြန်မာနိုင်ငံတွင် COVID – 19 ရောဂါဖြစ်ပွားသူ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြီး ကြေညာသောအချိန်မှစ၍ မန္တလေးရှိ ပြည်သူများက စားရေရိက္ခာပြတ်မည်ကို စိုးရိမ်ကာ ဆန်များ အများအပြားဝယ်ယူစုဆောင်းနေကြရာ ဆန်များ ပြတ်မည်ကို စိုးရိမ်စရာမရှိကြောင်းနှင့် ပြည်တွင်းစားသုံးရန် ဆန်အလုံအလောက်ရှိနေကြောင်း မန္တလေးဆန်ကုန်စည်ဒိုင်မှ သိရသည်။

           

" ပြည်သူတွေ ဆန်အတွက် မကြောက်ပါနဲ့။ ကြောက်လန့်ပြီး ဝယ်ကြလို့ ဒီရက်ပိုင်းလေးမှာ ဈေး တစ်ထောင် ထောင့်ငါးရာလောက် တက်သွားတာပါ။ ဆန်အလုံအလောက်ရှိပါတယ်။ ရှင်းရှင်းပြောရရင် ဆန်အတွက် ဒုက္ခမရောက်စေရပါဘူး။ အဲဒါ အာမခံရဲပါတယ်။ ကြောက်လန့်တကြီးနဲ့ ဆန်တွေ မဝယ်ပါနဲ့။ ဆန်အရေအတွက် အပြည့်အဝရှိကြပါတယ်။ တစ်နှစ်အတွက်ကတော့ နောက်လာမည့် တစ်နှစ်ထိလည်း အာမခံပါတယ်။ ဈေးမတက်ပါဘူး။ ရှိတာ ရောင်းပေးပါ့မယ်။ " ဟု မန္တလေး ကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်ကျော်နိုင်က ပြောသည်။

           

မန္တလေး ဆန်ကုန်စည်ဒိုင် အနေဖြင့် မန္တလေးမြို့အတွင်း ဆန်ဈေးထိန်းချုပ်နိုင်ရန် ဝိုင်းဝန်းကူညီပေးနေကြောင်း၊ အကယ်၍ မန္တလေးတွင် ဆန်များလိုအပ်လာပါက ဆန်ကုန်စည်ဒိုင်တွင် ဆန်ကုန်သည်များ စုပေါင်းပြီး ဈေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေးရန် အစီစဉ်များရှိကြောင်းနှင့် တရုတ်နယ်စပ်သို့ ဆန်ကွဲနှင့် ဆန်ကြမ်း အနည်းငယ်သာ တင်ပို့ရောင်းချရကြောင်း သိရသည်။

           

" ဆန် ကုန်စည်စီးဆင်းမှု မှန်ကန်ရေးက အဓိကပေါ့။ နောက်ပြီး လူတွေ စုပြုံတိုးပြီး ဝယ်နေတဲ့ အနေအထားတွေ မြင်ရတာ အန္တရာယ်များလို့ တစ်ဦးတစ်ယောက်ချင်း လာဝယ်တာကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတာပါ။ အမှန်က ဦးတို့က လက်ကားဆိုင်ပါ။ ဒါပေမယ့် အခုကျ တစ်ဦးတစ်ယောက်ချင်း လာတာကို ဦးစားပေးပြီးတော့ ရောင်းပေးနေပါတယ်။  ရွှေဘိုဘေးကျား ရန်ကုန်ပေါ်ဆန်းမွှေး၊ မဂျမ်းတော၊ ဧရာမင်း လူအများစားတဲ့ဆန်ပေါ့လေ။ လက်လုပ်လက်စား စားတဲ့ဆန်ပေါ့ နည်းနည်း ဆန်ကြမ်းလေးတွေ ဘာလေးတွေပေါ့။ လက်လီရောင်းချပေးပါတယ်။   ရွှေဘိုဘေးကျား ၆သောင်းဝန်းကျင်၊ မဂျမ်းတော ၆သောင်း၃ထောင်၅ရာ ဝန်းကျင် တစ်အိတ်ချင်း ရောင်းပေးတာပေါ့။ " ဟု အောင်သစ္စာဆန်ပွဲရုံပိုင်ရှင် ဦးကျော်အောင်က ပြောသည်။

           

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်ဈေးများ တည်ငြိမ်ဈေးရန်နှင့် မပြတ်လပ်စေရန် ရည်ရွယ်ပြီး အောင်သစ္စာဆန်ပွဲရုံ၊ ဟေလာဆန်ပွဲရုံ၊ စံပြနွယ်ဆန်ပွဲရုံ၊ ရဲမာန်ပွဲရုံ၊ ကျော်နိုင်ဆန်ပွဲရုံ၊ လျှံဝင်းလက်ဆန်ပွဲရုံ၊ မိုးပုလဲဆန်ပွဲရုံ၊ အောင်စိုးမိုးဆန်ပွဲရုံနှင့် အောင်ကောင်းမြတ်ဆန်ပွဲရုံများတွင် ဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

              

ထိပ်ထားနိုင်