COVID-19 ကြောင့် တိုင်းဒေသကြီးအတွင်းမှ အခြေခံလူတန်းစားများအား ထောက်ပံ့ရန် ကျပ်ငွေ တစ်ဘီလီယံ သုံးစွဲသွားမည်

မန္တလေး ၅ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းက အခြေခံလူတန်းစားများကို ထောက်ပံ့ရန် ငွေကျပ်တစ်ဘီလီယံ အသုံးပြုသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

 

ထိုသို့ထောက်ပံ့ရန်အတွက် တိုင်းဒေသကြီးအတွင်းမှ အခြေခံလူတန်းစားများစာရင်းကို ကောက်ယူထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

 

“ကောက်ယူထားတဲ့သူတွေကို စားနပ်ရိက္ခာ ကူညီဖို့က ဘယ်လိုကူညီမလဲဆိုတော့ ရောဂါပိုးမပြန့်ပွားတဲ့နည်းနဲ့ ကူညီသွားမယ်”ဟု ဦးဇာနည်အောင်က ပြောသည်။

 

မန္တလေးတိုင်းအတွင်း မတ်လ ၇ ရက်နေ့မှ စတင်ကာ အခြေခံစားသောက်ကုန်လုပ်ငန်းများနှင့် ဆေးဝါးလုပ်ငန်းများကလွဲပြီး တခြား စက်ရုံ၊ အလုပ်ရုံနှင့် ရုံးများကို ပိတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

 

“ဝင်ငွေနည်းပါးတဲ့ နိုင်ငံသားများအတွက် အစိုးရက အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရန် စီစဉ်ထားပါတယ်။ တိုင်းအစိုးရ ရန်ပုံငွေကနေ တစ်ဘီလီယံ မတည်သုံးစွဲဖို့လျာထားပါတယ်။ အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဆင်းရဲတဲ့ နိုင်ငံသားများအတွက် ဆောင်ရွက်ထားပါတယ်”ဟု ဦးဇာနည်အောင်က ပြောသည်။

 

ထောက်ပံ့ရေးအတွက် မြေပြင်စာရင်းကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေတစ်ဆင့် ကောက်ယူထားပြီး မိသားစုတစ်စုလျှင် အခြေခံစားသောက်ကုန်များကို အိတ်တစ်အိတ်ဖြင့်ထည့်ကာ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

 

မန္တလေးတိုင်းအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ အတည်ပြု လူနာတစ်ဦးရှိပြီး စောင့်ကြည့်လူနာ လေးထောင်ကျော်ရှိကြောင်း သိရသည်။

 

ဖြိုးအိ