COVID-19 ကာကွယ်ရေးအတွက် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၂၇၅၀)နှင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၆၄၀)အတွက် အလှူရှင် မြင့်(မိသားစု)မှ စားနပ်ရိက္ခာများ ပေးအပ်လှူဒါန်း

ပြည်ကြီးတံခွန် ၉ ဧပြီ

 

COVID-19 ကာကွယ်ရေးကာလအတွင်း ရပ်ကွက်နေပြည်သူများအတွက် အလှူရှင် ဦးမြင့်ဝေ+ဒေါ်ခင်မိုးနွယ် (မြင့် မိသားစု ကားကြီးအပိုပစ္စည်းရောင်းဝယ်ရေး)မှ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၂၇၅၀)စုအတွက် ဆန်၊ ဆီ၊ ဆားများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မင်္ဂလာလမ်းထောင့်ရှိ အဆိုပါ မြင့် မိသားစု ကားကြီးအပိုပစ္စည်းရောင်းဝယ်ရေး)တွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါလှူဒါန်းပွဲတွင် အိမ်ထောင်စုတစ်စုလျှင်ဆန် (၃)ပြည်၊ ဆီ(၅၀)သားနှင့် အိုင်အိုဒင်းဆား (၄၀)သားတစ်ထုပ် တို့အား အိမ်ထောင်စု (၂၇၅၀)စုအတွက် ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာချစ်ကိုကိုနှင့် ဦးဇော်မောင်မောင်တို့က ရပ်ကွက်နေပြည်သူများ ကိုယ်စားလက်ခံရယူသည်။

 

အလှူရှင်က ပြည်ကြီးတံခွန်မြို့နယ်က (ခ)ရပ်ကွက်ရှိ အိမ်ထောင်စု(၇၀၀)၊ (ဈ)ရပ်ကွက်ရှိ အိမ်ထောင်စု(၈၀၀)၊ (ဇ)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၅၀)နှင့် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စု(၁၁၀၀)စု စုစုပေါင်းအိမ်ထောင်စု (၂၇၅၀)စုအတွက် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ အဆိုပါ အိမ်ထောင်စုများအရောက် မြို့နယ်လူမှုကူညီရေးအသင်းချုပ်နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်အလိုက် သယ်ယူပို့ဆောင်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများမှတစ်ဆင့် ရပ်ကွက်နေပြည်သူများထံ အရောက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် လူမှုကူညီရေးအသင်းချုပ်ဉက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

 

အလားတူ အလှူရှင် ဦးမြင့်ဝေ+ဒေါ်ခင်မိုးနွယ် (မြင့် မိသားစု ကားကြီးအပိုပစ္စည်းရောင်းဝယ်ရေး)မှ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၆၄၀)အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သားနှင့် အိုင်အိုဒင်းဆား (၄၀)တစ်ထုပ်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)