COVID-19 အသိပညာပေး စကားဝိုင်း

articles_advs

၃၁  မတ်

 

ကိုယ်ကာကွယ်နိုင်တယ်လို့ထင်တဲ့ နည်းလမ်းတွေကလည်း ကိုယ့်ကိုကူးစက်သွားစေမယ့် အကြောင်းရင်းလည်း ဖြစ်သွားနိုင်တဲ့အတွက် အဲဒီအပိုင်းမှာလည်း တော်တော်လေး ဂရုပြုရပါတယ်

 

ဒါရိုက်တာ ထူးဇော်ပိုင်ဦး

 

COVID-19 အသိပညာပေးဆွေးနွေးပွဲကျင်းပ

COVID-19 ရောဂါနဲ့ပတ်သက်ပြီး ထိခိုက်လွယ်တဲ့လူတွေကို ရောဂါပိုးကူးစက်မှုကနေ ဘယ်လိုကာကွယ်မလဲ အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ တေးသံရှင် တင်ဇာမော်၊ စာရေးဆရာ မိုးနီလွင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-

 

ဒေါက်တာခင်မောင်လွင်

 

ရောဂါကွင်းဆက်ကိုဖြတ်တောက်ဖို့ ဆွေးနွေးတဲ့ အခါမှာ ရောဂါမကူးအောင် တားတဲ့အပိုင်းက တစ်ပိုင်း၊ ရောဂါဖြစ်နေပြီမှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ်ကနေပြီး သူများမကူးအောင် တားရမယ့်အပိုင်းတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနအနေနဲ့ လုပ်ဆောင်နေတာတွေ နည်းနည်းဖြည့်စွက်ပြီး ပြောစေ ချင်ပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး

 

အခုပြောသွားတဲ့ အချက်တွေထဲမှာ ဒါတကယ့် လက်တွေ့ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေပါပဲ။ တစ်ကမ္ဘာလုံးမှာ ဒီလိုပဲဖြစ်နေတာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ အချက်ငါးချက်ကို အဓိကထားဆောင်ရွက်နေပါတယ်။ နံပါတ် (၁) ကတော့ လက်ဆေးခြင်းပေါ့။ လူတိုင်းလူတိုင်း လက်ဆေးဖို့လိုတယ်။ လက်ဆေးခြင်းဆိုတာကလည်း ကိုယ့်အတွက် ကိုယ်ဆေးတာထက်စာရင် ကိုယ့်မိသားစု အတွက် ဆေးပါ။ ကိုယ့်ကလေးတွေအတွက် ဆေးပါ။ ကိုယ့်ရပ်ရွာအတွက် ဆေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ ကိုယ်ကနေပြီးတော့ ဖြန့်တဲ့သူဖြစ်သွားနိုင်သလို ကိုယ်ကနေပြီးတော့ မသိဘဲနဲ့ ဝင်လာတဲ့သူလည်း ဖြစ်နိုင်တယ်။ ကိုယ်က ဝင်သွားမယ်။ အများအားဖြင့် လက်မှာ ကပ်ပြီး ပါလာတယ်။ လက်ကတစ်ဆင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံး ဒီဟာတွေကို ထိတွေ့မိရင် ဝင်သွားမယ်။ ဝင်သွားရင် ကိုယ်က မသိဘူးလေ။

 

ဆရာပြောတဲ့ Window Period။ ကျွန်တော်တို့ ကတော့ Induration Period လို့ ခေါ်တာပေါ့နော်။ အဲဒီ အချိန်မှာ Asymptomatic ဖြစ်နေတယ်။ ဘာမှလက္ခဏာ မပေါ်သေးဘူး။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်က Repetition လာနေပြီ။ လာနေတာ ထွက်နေပြီပေါ့။ အဲဒီ အခါကျတော့ အိမ်မှာရှိတဲ့ အဖေ၊ အမေ Vulnerable ထဲ ပါသွားပြီ။ နောက်တစ်ခုက ဆီးချိုရောဂါဝေဒနာရှင်။ ဒါက ဒီခေတ်မှာ တော်တော်ပေါတယ်။ နောက်တစ်ခုက သွေးတိုး မရှိဘူးလို့လည်း မပြောနိုင်ဘူး။ တော်တော်များများက NCD ဆိုတဲ့ မကူးစက်နိုင်သောရောဂါတွေက ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ကမ္ဘာလုံးနီးတူ Burden ဖြစ်နေတာ။ နောက်တစ်ချက်က နှာစေး၊ ချောင်းဆိုးတဲ့အခါ ကျင့်ရမယ့် ကျင့်ဝတ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလို ကျွန်တော်တို့က မရှိသေးဘူးဆိုပေမယ့် ကျွန်တော်တို့မှာ လည်း H1N1 က နဂိုကတည်းက ရှိတယ်။ နှာစေး၊ ချောင်းဆိုးလိုက်တိုင်း ကာကွယ်လိုက်တာနဲ့ ကိုယ့်ဆီက လွင့်စဉ်သွားတဲ့ အမှုန်အမွှားကို တစ်ဖက်သားက မရှူရတော့ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာကျတယ်။ မိသားစုလည်း ကာကွယ်ရာကျတယ်။ အသိုင်းအဝိုင်းလည်း ကာကွယ်ရာဖြစ်တဲ့အတွက် ကျင့်ဝတ်အရ၊ ပြည်သူ့နီတိ ကျင့်ဝတ်အရ လုံခြုံအောင် ကာကွယ်တာ။ တစ်ရှူးသုံးမယ်ဆိုလည်း သုံးပါ။ ပြီးရင် စနစ်တကျ အမှိုက်ပုံးထဲ စွန့်ပစ်ပါ။ ဒါကို ကျွန်တော်တို့က Promote လုပ်တယ်။

 

တတိယအချက်ကတော့ Social Distancing ပါ။ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ ခုနကပြောသလို လူအုပ်စုထဲသွားတယ်။ လူစုလူဝေး ဥပမာ လူစုလူဝေး ၅၀ဝ၀ လာတယ်၊ ၁၀ဝ၀ဝ လာတယ်၊ ဘယ်သူ့မှာ ဖြစ်နေပြီလဲ မသိဘူး။ သူကလည်း နှာချေ ပြီးတော့ တောက်လျှောက် ဒီပွဲထဲမှာ သွားလို့ကောင်းနေတယ်။ ဒီနေရာကြည့်လို့မကောင်းလို့ ဟိုဘက်နေရာ ပြောင်းကြည့်တာမျိုး ရှိတဲ့အခါကျတော့ ရှူမိတဲ့သူဟာ အကုန်လုံး Infection ရကုန်မယ်။ အဲဒီ Infection ရတဲ့သူက လည်း ကျွန်တော်တို့ ကိုရီးယားဖြစ်စဉ်လို ဖြစ်မယ်။ ကိုရီးယား Case 31 ဆိုရင် နောက်ရက်တွေမှာလည်း ဘုရားကျောင်း လေးခါလောက် လာတက်တယ်။

 

ပထမရက်မှာ ဝင်သွားတယ်ဆိုရင် သုံးရက်၊ လေးရက်ဆို ဗိုင်းရပ်စ်က လက္ခဏာမပြပေမယ့် အတော်ကူးလို့ ကောင်းတဲ့အချိန်ဖြစ်ပြီး သူ့ရဲ့ ဖြန့်လိုက်တဲ့ ပမာဏက လူစုလူဝေးထဲမှာ ဖြန့်လိုက်တဲ့အခါ အများကြီးဖြစ်သွားတယ်။ အများကြီးကနေ ထပ်ပြီးတော့ ထပ်ထိတဲ့သူတွေ ကလည်း နောက်ထပ်အများကြီး။ အဲဒီအများကြီးကနေ နောက်ထပ်သုံးခါလောက်ဆို ကိုရီးယားက Contact Tracing ပေါ့။ ကူးတဲ့ဟာက တစ်ယောက်ချင်းနဲ့ တစ်ယောက်ချင်း ထိလိုက်တိုင်းမှာ သိန်းနဲ့ချီပြီ ဖြစ်လာတယ်။

 

နံပါတ် (၄) အချက် ပြောချင်တာက Quarantine ။ Quarantine ရဲ့ အကျိုးကျေးဇူး မတင်ဇာမော်ပြောသလို Local Transmission ဧရိယာက ပြန်လာတယ်။ လာတဲ့အခါ ကျတော့ သူက မသိလိုက်ဘူး။ မသိတာလည်း ဖြစ်နိုင်တယ်။ သိသိကြီးနဲ့ သူ့အလုပ်ပျက်မှာစိုးလို့ ဝင်လာတယ်။ လူအမျိုးမျိုးဆိုတာ ရှိတယ်။ သူ့မှာပါလာပြီဆိုတော့ တွေ့တဲ့၊ သူ့ရဲ့ Work Place မှာရှိတဲ့သူအားလုံးက Risk ရှိသွားပြီ။ အဲဒီလိုနိုင်ငံတွေက ပြန်လာခဲ့ရင်တော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးဌာနကို သတင်းပို့ပါ။ သတင်း ပို့တဲ့အခါ ကျွန်တော်တို့ဆီမှာ Case Definition ရှိတယ်။ ဒီလူက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ၊ ဒီလူကတော့ အိမ်မှာပဲ သတိထားပြီး စောင့်ကြည့်ရမယ့်လူ၊ ဒီလူကတော့ ထိတွေ့မှုက အလွန်နီးစပ်ခဲ့ရင် ဆေးရုံမှာ ၁၄ ရက်ထားပြီး စောင့်ကြည့်ရမယ်။ ဘာပဲပြောပြော ပြန်လာတဲ့သူတိုင်းက အဲဒီအချက်ကို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှ ကျွန်တော်တို့က သူလည်း ၁၄ ရက်ထားပြီး ဘာမှမဖြစ်ဘူးဆိုရင် သူ့အတွက်လည်း အန္တရာယ် ကင်းတယ်။

 

ကျွန်တော်ပထမဦးဆုံး ပြောခဲ့တဲ့အတိုင်းပဲ။ ဖြစ်လာရင် သူက ၈၀ ရာခိုင်နှုန်းလောက်က Mild Symptom နဲ့ ကောင်းတယ်ဆိုပေမယ့် ၁၄ ရာခိုင်နှုန်း၊ ခြောက် ရာခိုင်နှုန်းက သူကိုယ်တိုင် Critically Ill ဖြစ်သွားတယ်။ အသက်ရှူစက်တွေ လိုလာမယ်။ လိုလာတဲ့အခါမှာ ဆေးရုံ မတက်ထားရင် သူအရင်ဆုံး အသက်ဆုံးရှုံးမယ်။ အသက် မဆုံးရှုံးခင်ကာလမှာလည်း ဘာမှန်းမသိဘဲနဲ့ သူ့ကိုပြုစုတဲ့ မိသားစုတွေ၊ အဲဒီမိသားစုတွေနဲ့ ထပ်မံထိတွေ့သူအားလုံး လည်း ဒုက္ခတသီတတန်း ရောက်မယ်။ အဲဒီလို သူတို့ ပြန်လာခဲ့ရင် ရောဂါခြေချုပ်ဆိုတာ သူကိုယ်တိုင်အတွက် အကျိုးရှိရုံမက သူ့ရဲ့ ချစ်ခင်ရတဲ့ မိသားစုတွေ၊ သူ့ရဲ့ ချစ်ခင် ရတဲ့ရပ်ရွာအတွက်၊ နိုင်ငံအတွက် အလွန်အကျိုးရှိတဲ့ လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ဒီ ၁၄ ရက်ကို သည်းခံပြီးတော့ Quarantine အလုပ်ခံကြမယ်၊ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ကျွန်တော်တို့ဆီမှာ Risk က တော်တော်နည်းသွားမယ်။

 

နံပါတ် (၅) နဲ့ နောက်ဆုံးအရေးကြီးတာ ဆရာပြောတဲ့ Social Media ပဲ။ ကျွန်တော်ကတော့ ဒါကို Rumor Cancellation လို့ ခေါ်တာပေါ့။ Panic Buying ဖြစ်တယ်။ ကြောက်တာက ကြောက်တာတစ်ပိုင်း။ ကျွန်တော်လည်း ကြောက်တာပဲ။ ဒါပေမယ့် ‌ကြောက်တဲ့နောက်မှာ လုပ်ရမယ့် အရာတွေကတော့ အဓိကက လက်ဆေးဖို့ရယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်ကို လိုက်နာဖို့ရယ်၊ လူစု လူဝေး တတ်နိုင်သမျှ မသွားဖို့ရယ်၊ အသက်ကြီးတဲ့လူတွေ၊ ရောဂါရှိတဲ့လူတွေ ဒီအချိန်မှာ လုံးဝကို မသွားသင့်ဘူး။ အထူးအကြံပေးလိုတယ်။ ရောဂါခြေချုပ်လုပ်ခြင်း (Quarantine) ရဲ့ အကျိုးကျေးဇူးဟာ ကိုယ်ကိုယ်တိုင် သာမက မိသားစုနဲ့ တိုင်းပြည်အတွက်ပါ အကျိုးရှိတယ် ဆိုတာ သိစေချင်ပါတယ်။

 

ဒါရိုက်တာ ထူးပိုင်ဇော်ဦး

 

ဒါ တကယ့်ကို သည်းထိတ်ရင်ဖိုပါ။ သည်းထိတ်ရင်ဖို ဆိုတာ အခုလက်ရှိမြန်မာနိုင်ငံမှာ ကျွန်တော်တို့ရုပ်ရှင်အရ ဆိုရင် Horror နဲ့ Suspense Thriller ဆိုပြီး နှစ်မျိုး ရှိတယ်။ Horror ဆိုတာ ကြောက်ဖို့ကောင်းတယ်။ ဗြဲခနဲ ခြောက်လိုက်တယ်။ ကြောက်ပြီးသွားရင် ပြီးသွားပြီပေါ့။ သည်းထိတ်ရင်ဖိုကျတော့ ဒီလိုမဟုတ်ဘူး။ သူက ဒီဟာ ဖြစ်တော့မယ်။ မဖြစ်ခင်မှာ ဘယ်လိုတွေ၊ လူတွေရဲ့စိတ်က ဘယ်လိုတွေ လှုပ်ရှားနေတယ်ဆိုတာ ပြတာ။ ကိုယ့်မှာ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင်ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုဝင်၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း ဒါမှမဟုတ် ကိုယ်သတိထားမိတဲ့သူမှာ သံသယရှိရင်ပဲဖြစ်ဖြစ် အသိပေးဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် အိမ်မှာကုနေတာ၊ ဒါမှမဟုတ် အိမ်မှာနားနေတာပဲဖြစ်ဖြစ်၊ ဘာမှမဖြစ်ပါဘူးဆိုပြီး လျှောက်သွားနေတာပဲဖြစ်ဖြစ်၊ အလုပ်ပျက်မှာစိုးလို့ အလုပ်ပျက်မှာကြောက်တဲ့စိတ် ပိုပြီးတော့ ဖျားနေရက်နဲ့ သွားတာ ပဲဖြစ်ဖြစ် ဖြန့်တဲ့သူမဖြစ်စေဘဲနဲ့ ကိုယ်ကိုယ်တိုင်က ဒီစိတ်နဲ့ စစ်ဆေးစရာရှိတာ စစ်ဆေးဖို့လိုမယ်၊ အသိပေးစရာရှိတာ အသိပေးဖို့လိုမယ်။

 

ဒီရုပ်ရှင်လုပ်ငန်းတွေ လုပ်တယ်။ လူတွေအများကြီးနဲ့ ထိတွေ့ကြတယ်။ ကိုယ်ကိုယ်တိုင်က ရှောင်လို့တိမ်းလို့ ရပေမယ့် သရုပ်ဆောင်တွေကျတော့ တစ်ယောက်နဲ့ တစ်ယောက် မထိဘဲ သရုပ်ဆောင်လို့မရတော့ ပိုပြီးတော့ Hand Gel ဖိုးတွေ တစ်ရက်တစ်ရက် အများကြီး ကုန်တယ်။ ရိုက်ကူးရေးအဖွဲ့အားလုံး ၁၀ မိနစ် တစ်ခါ၊ ၁၅ မိနစ် တစ်ခါ တစ်ခုခုကိုင်ပြီးတိုင်း ဆေးရမယ်။ စွန့်ပစ်တဲ့အခါ ပုံမှန်ဆိုရင် တစ်ရှူးလေး တစ်ခုခုသုတ်ပြီး ဒီအတိုင်းထားလိုက်တယ်။ အဲဒါကို နောက်တစ်ယောက်က ကောက်သိမ်းသွားရင် ကိုယ့်ဆီကပိုးက နောက်တစ်ယောက်ဆီ ရောက်သွားနိုင် တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က စည်းကမ်းတွေလည်း ပိုလုပ်ရတယ်။ ကိုယ်သုတ်ထားတဲ့ တစ်ခုခုလုပ်ပြီးသား ကိုင်ပြီးသား အရာဝတ္ထုတွေဆို ကိုယ်ကိုယ်တိုင် တာဝန် ယူပြီးတော့ အမှိုက်ပုံးထဲကို ပြန်သိမ်းဖို့။ Mask တပ်တာနဲ့ Hand Gel သုံးတဲ့အပိုင်းမှာလည်း ဒါက စနစ်ကျတဲ့ ကာကွယ်တဲ့ဟာဖြစ်သလို ကူးစက်တဲ့အရာလည်း ဖြစ်နိုင်တယ်။ Hand Gel ကလည်း အကုန်လုံးဝိုင်းကိုင်ကြလို့ အကုန်လုံး ကူးသွားတာမျိုးတို့၊ Mask တပ်ပြီးတော့ ခဏလေးချွတ်ပြီး လျှောက်သွားနေကြတယ်။ အဲဒီ Mask ကိုပဲ နောက် တစ်ယောက်က သွားကိုင်မိနိုင်တယ်။

 

အဲဒီလိုမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က တော်တော်လေးလည်း ပညာပေးရတယ်။ ဒါပုံမှန်ကတော့ Mask တွေ သုံးတယ်ဆိုတာက ဆေးကျောင်းသားတွေ၊ ဆရာဝန်တွေမှာကတော့ ရင်းနှီးပြီးသား။ လက်ဆေးရင်လည်း ဘယ်လိုမျိုးဆေးရမလဲ ကျွန်တော်တို့ သိထားပြီးသား ဖြစ်ပေမယ့် ပြင်ပလူတွေကျတော့ ပုံမှန်လက်ဆေးတယ်ဆိုရင် ပုံမှန်ပဲဆေးလိုက်တယ်။ ရေပိုက်ခေါင်းကို ပြန်ပိတ်တယ်ဆိုရင်လည်း ကိုယ့်လက်ကလေးနဲ့ ပိတ်တာတို့ သေချာစနစ်ကျတဲ့ လက်ဆေးနည်းတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ပိုပြီးတော့ ကိုယ်တတ်နိုင်သလောက် ပြောရတယ်။ ကိုယ်ကာကွယ်နိုင်တယ်လို့ထင်တဲ့ နည်းလမ်းတွေကလည်း ကိုယ့်ကို ကူးစက်သွားစေမယ့် အကြောင်းရင်းလည်း ဖြစ်သွားနိုင်တဲ့အတွက် အဲဒီအပိုင်းမှာလည်း တော်တော်လေး ဂရုပြုရပါတယ်။

 

နိုင်ငံသားတစ်ယောက်ချင်းစီက ကျန်းမာရေး အသိရှိဖို့ လိုတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိဖို့ မြန်မာနိုင်ငံမှာက တစ်ခုပြန်ပြီး အသုံးချရမှာက ဖေ့စ်ဘွတ် က ပျံ့နှံ့လွယ်တယ်ဆိုတော့ ဖေ့စ်ဘွတ်မှာ တကယ် သိနားလည်သော ပညာရှင်တွေက ပိုပြီး ကျန်းမာရေး အသိပညာပေးတဲ့ စာတွေ၊ အသိပညာပေးတွေ ပိုပြီး ရေးပေးဖို့၊ ဘာလို့လဲဆိုတော့ ဒီမှာက ဘာရေးရေး ယုံကြ တာလည်းများတဲ့အတွက် ခွဲခြမ်းစိတ်ဖြာပြီး သူတို့ စိတ်ထဲမှာ တကယ်ကို ဘယ် Page တွေ၊ ဘယ်လိုပုဂ္ဂိုလ်တွေ၊ ဘယ်အဖွဲ့အစည်းတွေဆီက သတင်းတွေကိုပဲ ယုံကြည်ဖို့၊ တွေ့သမျှသတင်းတွေကိုလိုက်ပြီး ယုံပြီးတော့ လျှောက်မလုပ်ဖို့ပေါ့။ စာမျက်နှာ ၁၅ မှ ဒီမှာ အဲဒီအပိုင်းလေးတွေ နည်းနည်းရှိတယ်။ အဲဒီအပိုင်းကို ပညာပေးဖို့ များများတိုက်တွန်းဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒီလိုလုပ်တဲ့ အချိန်မှာလည်း အနုပညာရှင်တွေဘက်က များများပါဝင်ဖို့ လိုမယ်ပေါ့။ အနုပညာရှင်တွေဘက်က ပြောတယ်ဆိုရင် ပျံ့နှံ့နှုန်းတွေပိုများတဲ့အတွက် အဲဒီအပိုင်းမှာ ပိုပြီးပူးပေါင်းပါဝင်ဖို့လိုမယ်။

 

တိကျသေချာတဲ့သတင်းတွေ ဖြန့်ဝေတဲ့အပိုင်းမှာလည်း လူတွေရဲ့စိတ်ကို သည်းထိတ်ရင်ဖိုတွေ ထပ်ဆင့် မဖြစ်အောင် အဓိကကြုံရတာက သံသယလူနာ၊ စောင့်ကြည့် လူနာတွေ တွေ့တယ်၊ ဆုံးသွားတယ်။ သူ့အဖြေကို ဓာတ်ခွဲခန်းမှာ ပို့ထားတယ်ဆိုတဲ့သတင်းတွေက ပိုပြန့်ပြီးတော့ သူ့မှာ ရောဂါပိုးမရှိဘူးဆိုတဲ့ သတင်းတွေက ထပ်ပြီး မတက်လာတော့ လူတွေက သူ့မှာရှိတာလား၊ မရှိတာလား ဆိုပြီး သည်းထိတ်ရင်ဖို ထပ်ဆင့်ထပ်ဆင့်ဖြစ်ရတဲ့အတွက် အဲဒီအပိုင်းတွေမှာလည်း အားလုံးပူးပေါင်းပါဝင်ပေးဖို့ကို ကျွန်တော်တို့အနေနဲ့က ပိုပြီးလိုလားပါတယ်။

 

ဒေါက်တာခင်မောင်လွင်

 

ဆရာမိုးနီလွင်အနေနဲ့ ဇာတ်လမ်းဇာတ်ညွှန်းနဲ့ COVID-19 နဲ့ ဘယ်လိုများ ဆက်စပ်ပေးမလဲ။

 

စာရေးဆရာ မိုးနီလွင်

 

ကျွန်တော် ဒီရောဂါသတင်း စကြားတဲ့အချိန်ကတည်းက၊ အင်္ဂလန်တို့၊ ယူကေတို့၊ အီတလီတို့ ဖြစ်ကတည်းက ကျွန်တော် အပြင်သိပ်မထွက်ဖြစ်တော့ဘူး။ နေအိမ်မှာ သီးသန့်ထားရှိ စောင့်ကြည့်ခြင်းလုပ်တယ်။ သို့သော်လည်း နေ့စဉ် အပြင်ကပြန်လာတဲ့ အစ်မဆေးရုံဆေးခန်းက ပြန်လာတဲ့အခါ အမေကလည်း ရှိတဲ့အခါကျတော့ အိမ်ထဲရောက်တာနဲ့ လက်ဆေး၊ အင်္ကျီလဲ ပြောရတယ်။ သူ့တစ်ယောက်တည်း အတွက် မဟုတ်ဘူး။ အိမ်က လူတွေအတွက်ပါ။ ကိုယ်က အတွေ့အကြုံရှိထားတော့ Vulnerable Person ကို စိုးရိမ် လို့ပြောပေမယ့် အပြင်ကလူတွေက မသိကြတာဖြစ်နေတယ်။ အပြင်ကလူတွေ ငါတို့ကတော့ သေမထူး၊ နေမထူး မကြောက်ဘူး ပြောနေတယ်။ သူ့ဘေးပတ်ဝန်းကျင်က လူကို ထိခိုက်သွားတယ်ဆိုတာ ပြည်သူလူထုက မသိကြဘူး။ Vulnerable Person ကို ကူးနိုင်တယ်။ သူတို့အတွက်က ပိုပြီးဆိုးနိုင်တယ်။

 

ဒေါက်တာသန်းနိုင်စိုး

 

ကျွန်တော်တို့ စကတည်းက MOHS ရဲ့ ဖေ့စ်ဘွတ်နဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ လုပ်နေပြီး ဖေ့စ်ဘွတ်ပေါ်မှာတော့ နေ့တိုင်း အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပေးတယ်။ ၈ နာရီ တစ်ကြိမ်၊ ၈ နာရီ ၁၅ ကြားထဲမှာ အရေးပေါ်တို့၊ ၁၀ နာရီ အချိန်တွေမှာ ထုတ်လွှင့်ပေးတယ်။ ပညာပေးတဲ့ဟာတွေ ဆိုလည်း တောက်လျှောက်ထွက်တယ်။ အဲဒီဟာကနေ Link ကနေ ဝင်လိုက်ရင်လည်း ကျွန်တော်တို့ ဝက်ဘ်ဆိုက် ထဲမှာ One Stop Service လုပ်ပေးထားတယ်။ အဲဒီနေရာမှာဆိုရင် ကျန်းမာရေးအသိပညာမြှင့်တင်တဲ့ စာရွက်စာတမ်း တွေ၊ ပညာပေးတဲ့ဟာတွေ အကုန်ရှိတယ်။ ကျွန်တော်တို့ရဲ့ သတင်းထုတ်ပြန်ချက်တွေ၊ လုပ်ငန်းဆောင်ရွက်ချက်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက် အသံ၊ ဗီဒီယိုတွေ။ သီချင်းဆိုလည်း အဆိုတော်မနော၊ သွန်းတို့နဲ့ အသံဖိုင်လေး လုပ်ပြီးဖြန့်တယ်။ ကျေးလက်ဒေသကျတော့ လက်ကိုင် စပီကာလေးတွေနဲ့ အော်လို့ရအောင် လုပ်တယ်။

 

ပြည်သူတွေအားလုံးက တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့။ ကိုယ်တိုင်သိပြီးတော့ ကြောက်နေတာထက်စာရင် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ဝိုင်းလုပ်ကြမယ်ဆိုလို့ရှိရင် ကျွန်တော်က ဒီဟာကို ထိခိုက်ရှနာမှုအနည်းဆုံးနဲ့ ကျော်ဖြတ် နိုင်မှာပါ။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ကြောက်ပြီးတော့ ကိုယ်လုပ် ရမယ့် အလုပ်တွေမလုပ်ဘဲနဲ့ အလွန်အကျွံလုပ်တယ်ပေါ့။ ဆရာပြောသလို ဒီမကြောက်ခြင်းနဲ့ ကြောက်ခြင်းရဲ့ကြား ရှိနေတဲ့လူတွေကို အတော်ကြီး အလွန်အကျွံဖြစ်ပြီးတော့ ဖြစ်သွားတဲ့ဟာတွေ ကျတော့လည်း မကောင်းဘူး။ အစွန်း ရောက်သွားတယ်။ မကြောက်ဘူးကွာ။ ဘာမှမဖြစ်ဘူး။ တို့ကတော့ သေရင်လည်း သေပလေ့စေဆိုတဲ့အထဲ ပါသွားတဲ့လူတွေကျတော့လည်း အလွန်အန္တရာယ်များ တယ်။ အဲဒီတော့ ဒီနှစ်ခုကြားထဲမှာ ချိန်ပါ။ အဓိကကတော့ ကြောက်လာရင်လည်း ကြောက်ပါ။ ကျွန်တော်က မကြောက် ဘူးလို့လည်း မပြောဘူး။ ကမ္ဘာ့အခြေအနေနဲ့ကြည့်လိုက်ရင် ကြောက်စရာကြီး။ ဒီလိုကြောက်တဲ့အခါ အင်အားအဖြစ် ပြန်ပြီးအသုံးချပါ။ ကိုယ်တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့။ မိသားစုနဲ့အတူ ရင်ဆိုင်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူ ရင်ဆိုင်ပါ။ လုပ်ရမယ့်အလုပ်တွေကို လုပ်ပါ။ ဖြစ်လာရင်လည်း သတင်းပို့ပြီး အတူတကွ ဝိုင်းဝန်းကူပြီးတော့ သူ့အသက်ကိုလည်း စောင့်ရှောက်သလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုလည်းမပျံ့နှံ့ဖို့ ဒါကတော့ ကျွန်တော်တို့ ထင်ပါတယ်။ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှရမယ့် ကိစ္စပါ။

 

ဒေါက်တာခင်မောင်လွင်

 

ကျွန်တော်တို့ဆွေးနွေးခန်းကို နိဂုံးချုပ်ပေါ့လေ။ တေးသံရှင်တင်ဇာမော်ကိုမေးပြီး နိဂုံးချုပ်ချင်တယ်။ ဒီကနေ အင်္ဂလန်ကိုပြန်မယ်ဆိုရင် ဒီမှာဘာလုပ်မလဲ။ အင်္ဂလန်ပြန်ရောက်ရောက်ချင်းမှာ ဘာတွေလုပ်မလဲ။ COVID-19 နဲ့ပတ်သက်ပြီးတော့ နားထောင်ချင်ပါတယ်။

 

အဆိုတော် တင်ဇာမော်

 

မပြန်ခင်မှာရော၊ ပြန်ဖို့လိုနေသေးတဲ့အချိန်မှာရော၊ အရေးအကြီးဆုံးက မိမိကိုယ်ကို စောင့်ရှောက်ခြင်းဟာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နဲ့ ကိုယ့်ရဲ့လှုပ်ရှားပြုမှု အားလုံးကို ဂရုစိုက်မယ်ဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက် ကယ်တင်တာနဲ့ အတူတူပါပဲ။ အခုလိုမျိုးဖြစ်နေတဲ့ အချိန်မှာ အထူးဂရုပြုပြီးတော့ နေထိုင်မယ်၊ ဆင်ခြင်မယ်၊ ကိုယ့်ကိုယ်ကိုယ် သံသယရှိသည်ပဲဖြစ်စေ၊ နေမကောင်း ဖြစ်လာသည်ပဲဖြစ်စေ၊ ချောင်းဆိုးနှာချေတာ လိုတာထက်၊ ပုံမှန်ထက် ပိုပြီးတော့ပဲဖြစ်စေ ဖြစ်လာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံ၊ ကျန်းမာရေးဌာန တစ်တိုင်းပြည်လုံးမှာ ရှိပါတယ်။ ကိုယ်လည်း ပြည်သူပြည်သားထဲက တစ်ယောက် ဆိုတော့ ကိုယ်လည်းသွားပြီးတော့ စစ်ဆေးမယ်၊ တွေ့သွားမလား၊ စစ်လိုက်လို့ တွေ့သွားရင်ဆိုတဲ့ စိတ်မျိုးမရှိဖို့ အရေးကြီးပါတယ်။ ကိုယ့်အသက်ကို ကာကွယ်စောင့်ရှောက် တာဟာ ပတ်ဝန်းကျင်၊ တစ်ကမ္ဘာလုံးကို စောင့်ရှောက်တာ၊ ကာကွယ်တာနဲ့ အတူတူပါပဲ။ မပြန်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အဲဒီလို နေထိုင်ကျင့်သုံးသွားပါမယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူအားလုံးကိုလည်း အသိပညာပေးဝေမယ်။ အားပေးမယ်။

 

အကယ်၍ ဖြစ်ပြီဆိုရင်လည်း ရင်ဆိုင်ပြီး စိတ်ရှည်ရှည်နဲ့ ဖြေရှင်းမယ်။ ကိုယ့်မှာရှိနေတဲ့ ရောဂါကို သူများရမသွားအောင်လို့။ ကိုယ့်ရဲ့အိမ်ထဲမှာနေတယ် ဆိုပေမယ့်လည်း၊ ဘယ်သူနဲ့မှ ထိတွေ့မှုမဖြစ်ဘူး ဆိုပေမယ့်လည်း အိမ်သားတွေထဲက အပြင်မှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေ ပါနေ ရှိနေမှာပဲ။ အနည်းဆုံးတော့ တစ်ယောက်ယောက်က ဈေးကိုတော့ သွားလိုက်မှာပဲ။ ဈေးထဲကနေပြီးတော့လည်း ပိုက်ဆံတွေ ထိတွေ့မယ်။ ကိုင်တွယ်မယ်ဆိုတော့ အိမ်ထဲမှာနေတဲ့သူတွေကလည်း အိမ်ထဲမှာနေလို့ဆိုပြီးတော့ လက်လွတ်စပယ် မနေမိ လိုက်ကြပါနဲ့။ ကိုယ်ကိုယ်တိုင် တစ်ဦးတည်းသုံးမယ်ဆိုရင် မျက်နှာသုတ်ပဝါ၊ လက်သုတ်ပဝါ ကောင်းပါတယ်။ အများသုံးမယ်ဆိုရင်လည်း အိမ်သူအိမ်သားတွေ အချင်းချင်းပဲဆိုတဲ့စိတ်နဲ့ လက်လွတ်စပယ် အတူတူသုံးတာ၊ လက်သုတ်ပဝါတွေကို လက်ဆေးပြီးတိုင်း တစ်ခုတည်း သုံးတာမျိုးမဖြစ်မိဖို့ အရေးကြီးတယ်လို့ မြင်မိပါတယ်။ အတတ်နိုင်ဆုံး Kitchen Towel သို့မဟုတ်လည်း တစ်ရှူးပုံးလေး ဆောင်ထားဖို့။ ကိုယ့်ကိုယ်ပိုင် လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါလေးတွေ သီးသန့်ထားပြီး နေ့စဉ် လျှော်ပေးဖို့၊ ဒီနိုင်ငံက နေပူတော့လည်း အခြောက်မြန်တော့ အများကြီးကောင်းပါတယ်။ အေးတဲ့ တိုင်းပြည်ဒေသတွေ ထက်စာရင် နေရောင်ခြည်လည်း ထိတွေ့နိုင်တယ်။ အဲဒီလိုနည်းနဲ့ နေပါမယ်ရှင့်။

 

ဟိုပြန်ရောက်တဲ့အခါကျရင်လည်း သေချာပါတယ်။ အရင်ဆုံးတော့ ပြည်ဝင်ခွင့်စစ်မှာပါ။ စစ်တဲ့အခါကျရင် ကိုယ်က ရောဂါကင်းရှင်းတယ်လို့ သူတို့ယူဆမှပဲ ပေးလွှတ်မယ်လို့ ယုံကြည်ပါတယ်။

 

အကယ်၍များ ကိုယ်က စောစာကပြောသလို အမျိုးသားရဲ့အလုပ်ထဲကလိုမျိုး လွတ်ထွက်လာတဲ့ သူတွေထဲက တစ်ယောက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုမျိုး တွေးမိပါတယ်။ အဓိက အရေးကြီးဆုံးကတော့ ရောဂါက ကူးကူးပြီးချင်းလည်း ဘာမှ ရုတ်တရက်မပြဘဲနဲ့ သူက ဖြန့်ဝေနိုင်တဲ့ ဗိုင်းရပ်စ်မျိုး ဖြစ်နေတာဆိုတော့ အတတ်နိုင်ဆုံးတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဂရုစိုက်မှု အဲဒါနဲ့ နေပါမယ်။ အားလုံးကို သတိပေးချင်တာကတော့ မစိုးရိမ်ပါနဲ့၊ မကြောက်ရွံ့ပါနဲ့။ ဒါပေမယ့်လည်း လက်လွတ်စပယ်လည်း မနေမိပါစေနဲ့။ အထူးဂရုစိုက်ပါလို့ ပြောလိုပါတယ်။

 

ဒေါက်တာခင်မောင်လွင်

 

ကျွန်တော်တို့ဆွေးနွေးခန်းဟာ လက်တွေ့ဘဝထဲမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဂရုစိုက်ကြမလဲဆိုတဲ့ အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မိမိရဲ့ ချစ်ခင်တဲ့ မြတ်နိုးတဲ့ အပေါင်းအသင်း၊ မိတ်ဆွေ၊ မိသားစု အားလုံးကိုလည်း ဂရုစိုက်ပါ။ မိမိနေတဲ့ဒေသနဲ့ မိမိနိုင်ငံအပေါ်မှာလည်း ဂရုစိုက်ခြင်းဆိုတဲ့ ဂရုစိုက်မှုကို စနစ်တကျ ပြုလုပ်မယ်ဆိုရင် ကျွန်တော်တို့တွေ ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုးက အားလုံးအတူတကွ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ။