Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၉-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်ပြည်နယ်၊ ဝေ့ဟိုင်မြို့နေ အသက် (၄၀) နှစ်အရွယ် တရုတ်လူမျိုး အမျိုးသား (၁) ဦးသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး (၁၉-၂-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ဝမ်းသွားခြင်းလက္ခဏာ များခံစားခဲ့ရသဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ၎င်းလူနာထံမှ ဓါတ်ခွဲနမူနာရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအားစစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

 

၃။ (၁၄-၂-၂၀၂၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ ပြန်လာသော အသက် (၂၆) နှစ်အရွယ် မြန်မာ အမျိုးသမီး (၁) ဦးသည် စင်္ကာပူနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ကြောင်း စင်္ကာပူနိုင်ငံ International Health Regulation (IHR) Focal Point မှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲသို့ သတင်းပေးပို့လာသဖြင့် အဆိုပါ အမျိုးသမီးအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှု ဆေးကုသမှုပေးလျက် ရှိပြီး ၎င်းလူနာထံမှ ဓါတ်ခွဲနမူနာရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

 

၄။ သို့ဖြစ်ပါ၍ ယနေ့ (၁၉-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စောင့်ကြည့်လူနာ (၁၁) ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ် ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါ သည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

Ref > Ministry of Health and Sports, Myanmar