စဉ့်ကိုင်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး       

စဉ့်ကိုင်  ၆  ဇွန်

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများဖြစ်သော တောမ-ကျောက်မိုင်းလမ်း ၊   အုန်းပင်ခြံ-သပြေရိုးလမ်း-ဖောင်ဇင်းလမ်း၊  ထန်းတော-အရေးမဆိုလမ်း၊ ရသာ-နန်းနီလမ်းနှင့် ကြက်လျှာ-ညောင်ရွှေ လမ်း ခင်းနေမှုများအား ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြသောင်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအနေဖြင့် ၀န်ထမ်းများ၊ လမ်းလုပ်သားများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများက မှာကြားခဲ့သည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းများ ခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းများပြီးစီးပါက ပြည်သူများအနေဖြင့်  ကျန်းမာရေး၊  စီးပွားရေး၊ ပညာရေး၊   လူမှုရေးများ အတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင်)