စွန့်ပစ်အမှိုက်များကို ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များဖြင့် လဲလှယ်ပေးရာတွင် လာရောက်လဲလှယ်သူ ၇၀၀ ရှိ

တောင်တွင်းကြီး ၇ ဇူလိုင်

 

ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာ ဖြန့်ဝေပေးနိုင်စေရန်၊ သီးနှံစိုက်တောင်သူများ သီးနှံများကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ပြီး တောင်သူများ အဆင်ပြေစေရန်၊ တောင်တွင်းကြီးမြို့အား အမှိုက်ကင်းစင်သည့် မြို့အဖြစ် အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်၍  စည်းကမ်းမဲ့စွန့်ပစ် ပလတ်စတစ်အမှိုက်များ၊ မီးဖိုချောင်ထွက် ပလတ်စတစ်အမှိုက်များကို ဟင်းချက်စရာ ဆန်နှင့် အသီးအနှံများဖြင့် လဲလှယ်ခြင်းအစီအစဉ်ကို ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီက တောင်တွင်းကြီးမြို့၊ ညောင်ပင်လှကျေးရွာ၊ မဟာဝိဇယဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လဲလှယ်ပေးရာတွင် ကျန်ကျောင်းအိတ်တစ်လုံးစာ စွန့်ပစ်အမှိုက်တစ်ထုပ်လျှင် စားနပ်ရိက္ခာဝေစု တစ်စုနှုန်းအဖြစ် ဆန်၊ ဆီ၊ ကြက်ဥအစိမ်း၊ ခရမ်းသီး၊ ကြက်သွန်နီ၊ Bwin မျက်နှာသစ် ဆပ်ပြာခရင်မ်၊ ငါးသေတ္တာဘူး၊ အိုင်အိုဒင်းဆားတို့ဖြင့် လာရောက်လဲလှယ်သူ ၇၀၀ အား လဲလှယ်ပေးခဲ့ခြင်းဖြစ်သည်။ ညောင်ပင်လှကျေးရွာ၊ သဲပြင်ကျေးရွာ၊ နတ်စဉ်ကုန်းကျေးရွာနှင့် ဆည်မြောင်းဌာနတို့မှ ပြည်သူများက မိမိတို့အိမ်၊ မိမိတို့လမ်း၊ မိမိတို့ရပ်ကွက်မှ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးနိုင်သော စွန့်ပစ်ပလတ်စတစ်များကို ဝိုင်းဝန်းစုဆောင်းကောက်ယူပြီး လာရောက်လဲလှယ်ခဲ့ကြကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  အမှိုက်ကားများ ကူညီပေးခဲ့ကြောင်း သိရသည်။

 

ယခု ဆဋ္ဌမအကြိမ်မြောက်အဖြစ် လဲလှယ်ပေးသော ဟင်းသီးဟင်းရွက်များကို တောင်တွင်းကြီးမြို့၊ သီရိမင်္ဂလာ တိုက်သစ်ကျောင်းဆရာတော် ဦးပညာဝုဓ ဦးဆောင်သော အရေးပေါ်ကာလ စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေးစင်တာနှင့်အတူ White Charity Group ညီအစ်မများ စုပေါင်းပြီး ကောင်းမှုအလှူအဖြစ် အဓိကပါဝင်ပံ့ပိုး လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)