စည်းလုံးညီညွတ်ခြင်းဖြင့် ရာဇဝင်ကို စာတင်

mdn

နေပြည်တော် ၉ ဇူလိုင်

 

ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်တွင် မြန်မာနိုင်ငံမှာ ပြာပုံသာသာဘဝသို့ ကျရောက်ခဲ့ရသည်။ အဓိကအကြောင်ရင်းမှာ ကိုလိုနီနယ်ချဲ့ အစိုးရဖြစ်သည့် ဗြိတိသျှတို့ ၁၉၄၂ ခုနှစ်တွင်ထွက်ပြေးခါနီးအချိန် မြေလှန် စနစ်ဖြင့် စီးပွားရေးအရင်းအမြစ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းနှင့် ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံ စစ်မြေပြင်ဖြစ်လာ သောအခါ ဗုံးကြဖျက်ဆီးခံရခြင်းတို့ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ၁၉၄၇ ခုနှစ် ဧပြီလ အထွေထွေ တိုင်းပြု ပြည်ပြု ရွေးကောက်ပွဲကြီး၌ ဗိုလ်ချုပ် အောင်ဆန်း ခေါင်ဆောင်သည့် ဖဆပလအဖွဲ့ချုပ်၏ ကိုယ်စားလှယ်များ တစ်ခဲနက်ရွေးချယ်ခံရပြီးနောက် အမျိုးသားအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည့်အခါ နိုင်ငံလွတ်လပ်ရေးနှင့် လွတ်လပ်ပြီးနောက် တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပြည်သူလူထုကို ဦးဆောင်စည်းရုံးခဲ့ရသည်။ လှုံ့ဆော်တိုက်တွန်းခဲ့ရသည်။

 

ထိုစဉ်က မလွတ်လပ်သေးသည့် မြန်မာနိုင်ငံအနေဖြင့် လည်းကောင်း၊ အနာဂတ်တွင် လွတ်လပ်လာမည့် မြန်မာနိုင်ငံ အနေဖြင့်လည်းကောင်း အသက်တမျှ အရေးကြီးသည်မှာ စည်းလုံး ညီညွတ်ရေးဖြစ်သည်ဟု မျှမျှော်တွေးကာ ပြည်သူလူထုအတွင်း ညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ခိုင်မြဲ သည်ထက် ခိုင်မြဲအောင် ဆောင်ရွက်ရန်၊ ကြီးမားသည်ထက် ကြီးမားအောင် ကြိုးစားကြရန် နှိုးဆော်ခဲ့သည်။ ထို့အပြင် အရှေ့တောင် အာရှဒေသ နိုင်ငံများအားလုံး သွေးစည်းညီညွတ်ရေးကို ပြုစု ပျိုးထောင်ပြီး ပြည်ထောင်စုကြီးတစ်ခု နောက်ဆုံးတွင် ဖြစ်သွားအောင် လုပ်ငန်းများစတင်ရန် ထိုစဉ်ကပင် မိန့်ကြားခဲ့ရာ မျက်မှောက်ကာလ အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးကဲ့သို့ သော စိတ်ကူးမျိုးကို ထိုစဉ်ကပင် ဗိုလ်ချုပ်က စိတ်ကူးမျှော်မှန်း ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယ၊ တရုတ်တို့နှင့် မိတ်ဆွေဖြစ်ရေး ကြိုးစားရန်အတွက်လည်း တိုက်တွန်းခဲ့သည်။

 

မြန်မာနိုင်ငံသည် အာရှ၏အင်အားကြီး နိုင်ငံကြီးနှစ်နိုင်ငံ၏ ကြားတွင် ပေါင်ကူးတံတားသဖွယ် တည်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့အကြားတွင် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နေရာ၌ တည်ရှိနေသည့်အလျောက် စည်းလုံးညီညွတ်ရေးက နိုင်ငံနယ်နိမိတ်တည်တံ့ခိုင်မြဲရေး၊ နိုင်ငံလွတ်လပ်ရေး တည်တံ့ခိုင်ရေး တို့အတွက် မရှိမဖြစ်သည့် အသက်သွေးသဖွယ်ပင်ဖြစ်သည်။ ပြည်သူ လူထုအတွင်း စည်းလုံးညီညွတ်ရေးနှင့် တိုင်ရင်းသားများအချင်ချင်း စည်းလုံးညီညွတ်ရေးတို့ကို သွေးခွဲသော်လျှို ဖြိုခွင်းမှုများက နိုင်ငံ မတည်တံ့ မခိုင်မြဲအောင် ၊ နိုင်ငံ့လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးသွား အောင် ကြိုးပမ်းခြင်းဖြစ်သည်ကို သိရှိနလည်ကြရမည်ဖြစ်သည်။ နိုင်ငံ၏အင်အားသည် နိုင်ငံအတွင်းမှာသာ ရှိသည်ကို သိနားလည် ကြရန် ဗိုလ်ချုပ်က မိန့်ကြားခဲ့ရာ ယင်းအဆိုအမိန့်က ယနေ့တိုင် ခေတ်မီနေဆဲ၊ မှန်ကန်နေဆဲဖြစ်ပြီး အနာဂတ်ထိအောင်လည်း မှန်ကန်နေလိမ့်မည်ဖြစ်သည်။

 

ကျွန်ုပ်တို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ ဖန်တီးဖို့အရေးသည် ကျွန်ုပ်တို့၏ လက်တွင်းမှာပင်ရှိ၏။ ကျွန်ုပ်တို့အင်အားကို ကျွန်ုပ်တို့ ယုံကြည်လျှင်ကောင်းကင်တမွတ် ကြယ်ကိုပင်ဆွတ်နိုင်ကြပေမည်" ဟူ၍ ဗိုလ်ချုပ်ကမိန့်ဆိုကာ နိုင်ငံအတွက် လွတ်လပ်ရေအောင်ပန်းကို ဆွတ်ခူးနိုင်ရန် သွေးစည်းညီညွတ်ကြဖို့ နှိုးဆော်ခဲ့သည်။ ကျွန်ုပ်တို့ သည်ညီညွတ်စွာ ကျွန်ုပ်တို့၏ ကာယဗလ ဉာဏဗလသတ္တိဗျတ္တိနှင့် ကျွန်ုပ်တို့၏ ရာဇဝင်တွင် ဆောင်နိုင်မည့် လွတ်လပ်ရေးအောင်မြင်မှုအတွက် ဆက်လက်ကြိုးပမ်းကြည်ဟူ၍လည်း သန္နိဋ္ဌာန်ချခဲ့ ကြကာ လွတ်လပ်ရေးကို အရယူပေးခဲ့ကြသည်။

 

ဘိုးဘွားတို့ အသက်သွေးချွေးတို့ဖြင့် ရယူပေးခဲ့သည့် လွတ်လပ် ရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အလယ် ဝင့်ထည်နိုင်ရေးအတွက် စည်းလုံးညီညွတ်မှု စုပေါင်း အင်အားကို ခိုင်ခိုင်မာမာ တည်ဆောက်၍ မိမိတို့ခေတ်၏ ရာဇဝင်ကို စာတင်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း