စည်းကမ်းလိုက်နာရမည့် ရက်သတ္တနှစ်ပတ်

 

ရန်ကုန်တိုင်းဒေသကြီးအတွက် ထုတ်ပြန်ကြေညာခဲ့သော နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ပြည်သူများလိုက်နာကြ၏။ ကား၊ လူသွားလာမှုများကျဲပါးသွား၏။ မဖြစ်မနေအပြင်ထွက်ရမည့်သူများ၊ ဝန်ထမ်းများကလည်း ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာခြင်းတို့ကို လုပ်ဆောင်နေကြ၏။ သို့သော်လည်း ကူးစက်မှုများက လျော့မသွားသည့်အတွက် အားမလိုအားမရဖြစ်ကြ၏။ အမှန်တကယ်တော့ နေအိမ်တွင်နေထိုင်ရေးအစီအစဉ်၏ အကျိုးသက်ရောက်မှုမှာ အနည်းဆုံး ရက်သတ္တနှစ်ပတ်ကြာမှသာလျှင် သိသာထင်ရှားသောအကျိုးရလဒ် ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အားမလျှော့ဘဲ စည်းကမ်းချက်များကို လေးစားလိုက်နာရန် မေတ္တာရပ်ခံနေရ ခြင်းဖြစ်သည်။

နေအိမ်တွင် နေထိုင်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် ရှေ့တန်းမျက်နှာစာမှ ပါဝင်ဆောင်ရွက်လျက်ရှိသော ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကလည်း “ကိုဗစ်ရောဂါကာကွယ်ရေးကို တစ်ဦးတစ်ယောက်မှ ဖောက်ဖျက်လို့မဖြစ်ပါဘူး၊ ဖောက်ဖျက်လိုက်တာနဲ့ ဒီရောဂါကူးစက်မှုကွင်းဆက်က ကျိုးပေါက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ဒီနေရာမှာ တစ်ဦးတစ်ယောက်မကျန် ရောဂါ ကာကွယ်ရေးဆိုင်ရာစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့အတွက် အထူးအရေးကြီးပါတယ်။ ဒီဟာကို နှစ်ပတ်အတွင်းမှာ အသေအချာ သည်းခံခွင့်လွှတ်လိုက်နာဖို့ သိပ်ပြီးအရေးကြီးပါတယ်။ လိုက်နာကြပါ လို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်”ဟု နှိုးဆော်ထားသည်။

အဓိကအားဖြင့် ရောဂါပိုး၏သဘောသဘာဝအရ ရက်သတ္တနှစ်ပတ်ကျော်လျှင် ကူးစက်နိုင်ခြေမရှိတော့ကြောင်း နောက်ဆုံးလေ့လာတွေ့ရှိချက်များကဆိုထားရာ လူတစ်ယောက်အနေဖြင့် ရက်သတ္တနှစ်ပတ်တာ အချိန်အတွင်း အခြားသူများနှင့် ထိတွေ့မှုအနည်းဆုံး၊ ထိတွေ့ရာတွင်လည်း ပါးစပ်နှင့်နှာခေါင်းစည်းတပ်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ မျက်နှာအကာအကွယ် တပ်ဆင်ထားခြင်း စသည့်စည်းကမ်းချက်များကို လိုက်နာပါက ကူးစက်နိုင်ခြေအနည်းဆုံးဖြင့် ကာကွယ်ထားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နေအိမ်တွင်နေထိုင်ရေးအစီအအစဉ် ၊ ရုံးဝန်ထမ်းများထက်ဝက်အင်အားဖြင့် ရက်သတ္တနှစ်ပတ်ရုံးတက်ပြီး နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်သည့်စနစ်၊ အထည်ချုပ်စက်ရုံကဲ့သို့လုပ်ငန်းများကို စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ ရက်သတ္တနှစ်ပတ်နားစေခြင်း စသည့် နည်းလမ်းများဖြင့် ကူးစက်မှုကွင်းဆက်ကိုဖြတ်နိုင်အောင် နည်းဗျူဟာများချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ထိုအခြေအနေတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါကူးစက်မှုမဖြစ်စေရေးနှင့် လူနာများအသက်သေဆုံးမှုမရှိစေရေး၊ အသွားအလာကန့်သတ်စောင့်ကြည့် သည့်နေရာ(Quarantine Center)များပိုမိုရရှိရေးနှင့် စနစ်တကျပီပြင်စွာ စီမံခန့်ခွဲမှုရရှိနိုင်ရေး၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများကို စုံစမ်းရှာဖွေဖော်ထုတ်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

တစ်ဖက်က ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကြောင့် မိမိတို့ပြည်သူများ အသွားအလာကန့်သတ်မှုများဖြင့် နေထိုင်ရချိန်တွင် တစ်ဖက်တွင်လည်း စားဝတ်နေရေး စီးပွားရေးအခက်အခဲများကြုံတွေ့ရမည်မှာ အမှန်ပင်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် ကူညီထောက်ပံ့မှုများဆောင်ရွက် ပေးနေသလို ဝန်ဆောင်မှုများအတွက် ထမ်းဆောင်ရသောအခွန်အခများကိုလည်း ဖြေလျှော့မှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ စီးပွားရေးထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် ရန်ပုံငွေကျပ် ဘီလီယံ ၁၀၀၀ မတည်ကာ စီးပွားရေးထိခိုက်မှုအနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက် လျက်ရှိသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်မှုများက လျော့ကျမသွားသေးဘဲ တချို့နိုင်ငံများတွင် တိုး၍သာများနေသည်။ နိုင်ငံအလိုက် မိမိတို့နိုင်ငံနှင့်သင့်တော်မည့် ကာကွယ်၊ ထိန်းချုပ်ရေးနည်းလမ်းများ ချမှတ်ကာဆောင်ရွက်နေကြသည်။ မိမိတို့နိုင်ငံတွင်လည်း ပြောင်းလဲလာသည့် အခြေအနေပေါ်မူတည်ပြီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် ရက်သတ္တနှစ်ပတ်အတွင်း ကူးစက်မှုကွင်းဆက်ကို ဖြတ်နိုင်အောင်ဆောင်ရွက်နေသည်။ စည်းကမ်းသတ်မှတ်ချက်များကို လေးလေးစားစားလိုက်ပြီး ထိုရက်သတ္တနှစ်ပတ်ကို ကျော်ဖြတ်နိုင်ရန်အတွက် “အိမ်မှာပဲနေပါး မဖြစ်မနေအပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ပါ” ဟူ၍သာ ထပ်မံတိုက်တွန်းလိုက်ရပါသည်။ ။

ကြေးမုံ