စွန့်လွှတ်မြေများအား မူလတောင်သူများထံ ပေးအပ်ရန်အတွက် ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များ အုတ်ဖို၌ ထုတ်ပေး

အုတ်ဖို  ၆  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီ ၆ ရက်နေ့၊ နံနက် (၉) နာရီအချိန်က တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်မြေများအား  မူလတောင်သူများထံ လုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

 

IMG-70a92cef29799f0ff89

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းက "သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို တောင်သူများအနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ သားစဉ်မြေးဆက် လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

 

IMG-994a4d

 

ထို့နောက် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက စွန့်လွှတ်မြေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်သည့် မြေဧရိယာ(၂၄၈ ဒသမ ၅၉)ဧက ယာယီပုံစံ(၃)လျှောက်ထားသူ တောင်သူ(၉၁)ဦးကိုယ်စား တောင်သူ(၉)ဦးထံသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ဝန်ကြီးဦးအောင်ဇော်နိုင်၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန်းဌေးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်းတို့က ယာယီပုံစံ(၃)လက်မှတ်များ ပေးအပ်ကြကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)

 

IMG-12098b02