စင်ကာပူနိုင်ငံမှ The Best Actress  ဆုကို  မြန်မာ့ပထမဆုံး ရရှိခဲ့သူ ကလေးသရုပ်ဆောင်  ပြည့်ပြည့်နှင့် တွေ့ဆုံခြင်း

ကိုလင်း

ပရလောက၏ အနှောင့်အယှက်များကို ရင်ဆိုင်ဖြေရှင်းရင်း မိဘနှင့် သားသမီးကြားမှ မေတ္တာတရားကို ထိတ်လန့်ဖွယ် ရိုက်ကူးတင်ဆက်ထားသည့် "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားသည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် Asian Academy Creative Awards တွင် ဆုခြောက်ဆုကို ရရှိခဲ့ကာ ထိုအထဲမှ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု (Regional The Best Actressin Supporting Role)နှင့် အာရှအဆင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု (Asian The Best Actress in Supporting Role) တို့ကို ရရှိခဲ့သော ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

မေး။ ။ နိုင်ငံပေါင်း ဘယ်နှနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ကြတာလဲ သမီး။

ဖြေ။ ။ သမီးတို့ ဟိုမှာပြိုင်တာ အာရှနိုင်ငံပေါင်း ၁၃ နိုင်ငံ ယှဉ်ပြိုင်ကြတာပါ။

မေး။ ။ ဆုတွေရတဲ့ စိတ်ခံစားချက်လေးနဲ့ပတ်သက်ပြီး ပြောပါဦး။

ဖြေ။ ။ သမီးဒီဆုတွေရလို့ပျော်ပါတယ်။ nomination ပြတဲ့အချိန်မှာ တခြားနိုင်ငံက လူကြီးတွေကို ကြည့်ရတော့ စိတ်အားတော့ လျော့သွားပါတယ်။ မရနိုင်တော့ဘူးလို့ ထင်တယ်။ စိတ်လျှော့ပြီးတော့ မေတ္တာပဲ ပို့ပေးနေတာပါ။ ဆုကြေညာတော့ Pyae Pyae From Myanmar လို့ ခေါ်လိုက်ချိန်မှာ အံ့သြသွားတယ်။ သမီး စင်ပေါ်ရောက်ချိန်မှာတောင် စိတ်လှုပ်ရှားပြီးတော့ ငိုမိပါတယ်။ ညပိုင်း Dinner ပွဲမှာတွေ့တဲ့ တခြားနိုင်ငံက အစ်မတွေ၊ အစ်ကိုတွေကလည်း သမီး စင်ပေါ်မှာငိုတော့ သူတို့လည်းအောက်ကနေ ဝမ်းသာပီတိဖြစ်ပြီး လိုက်ငိုကြတယ်လို့ ပြန်ပြောကြတယ်။

မေး။ ။ ဦးတို့ မြန်မာပြည်မှာဆိုရင် ကလေးသရုပ်ဆောင်တော်ရင် ကလေးသရုပ်ဆောင်ဆုပဲ ပေးတာလေ၊ အခုက ဇာတ်ပို့ဆုရတယ်ဆိုတော့ ဘာပြောချင်လဲ။

ဖြေ။ ။ ဒါကတော့ သမီးအနေနဲ့ မျှော်လင့်မထားပါဘူး။ ဒီထက်ပိုပြီးတော့ သမီးကြိုးစားမှာပါ။ ရိုက်တုန်းက ပင်ပန်းခဲ့တဲ့အရာတွေကို အခုတော့ အမောလည်းပြေပါတယ်။ မကစ်လည်း နောက်တစ်ခုထပ်ရရင် ပိုပျော်ရမှာပါ။ Regional ဆုတွေကတော့ ခြောက်ဆုကို သမီးတို့ လိပ်ပြာစံအိမ်က ရခဲ့တယ်။ မကစ်က နောက်ထပ်တစ်ခု ထပ်ရရင်တော့ ပိုကောင်းမှာပါ။

မေး။ ။ ၂၀၁၉ ခုနှစ်ထဲ သမီးရဲ့ ကားတွေ ရုံတင်ထားတာ ရှိတယ်နော်။ ။

ဖြေ။ ။ ကမ္ဘာနှစ်ထပ်၊ လိပ်ပြာစံအိမ်နဲ့ ဟစ်တိုင် ကားတွေ ရှိပါတယ်။ "ကြောက်ကြောက်ကြောက်-၂"က ဒီဇင်ဘာ ၂၅ ရက်မှာ ရုံတင်မှာပါ။ "ကျွန်မအချစ်ဆုံး " မှာတော့ သမီးရဲ့ ဇာတ်ဝင်ခန်းနည်းပါတယ်။ သမီးရဲ့ ဇာတ်ကားတွေကို အကဲဖြတ်တွေကတော့ ဆုံးဖြတ်မှာပေါ့နော်။ သမီးနဲ့ ထိုက်တန်တယ်ဆိုရင်တော့ ပေးမယ်လို့ထင်ပါတယ်။ ဒီထက်ပိုတော်တဲ့သူတွေ ပေးစရာရှိရင်တော့ သမီးကဘာမှတော့ မဖြစ်ပါဘူး။ အနုပညာနဲ့ပတ်သက်ပြီး သမီးကတော့ အကောင်းဆုံး ကြိုးစားနေပါတယ်။

မေး။ ။ သမီးရဲ့ လက်ဦးဆရာကရော။

ဖြေ။ ။ သမီးရဲ့ လက်ဦးဆရာကတော့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ပါ။ ဦးမျိုးတို့သုဝဏ္ဏမှာ နဂါးငွေ့တန်းကား လာရိုက်တာထင်တယ်၊ အဲအချိန် ဦးမျိုးတို့နဲ့ စတွေ့ခဲ့တယ်။ ပထမဆုံး ဦးမျိုး စရိုက်တဲ့ "သံယောဇဉ် စစ်ဆင်ရေး" ဗီဒီယိုဇာတ်ကားနဲ့ အနုပညာလောကထဲ စရောက်လာတယ် ပြောလို့ရပါတယ်။ အဲဒီကစပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်လာတာပါ။ သမီးရိုက်ထားတဲ့ ရုပ်ရှင် ဇာတ်ကား ၁၀ ကားကျော် ရှိပါပြီ။ "ရန်သူ" ဇာတ်ကားမှာလည်း ပါပါတယ်။

မေး။ ။ သမီးရဲ့ လက်ရှိပညာရေးအခြေအနေနဲ့ အနုပညာအလုပ်တွေအတွက် ပြင်ဆင်ထားမှုကရော။

ဖြေ။ ။ လောလောဆယ်တော့ အမေက မအားသေးဘူးဖြစ်နေတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မှာ ဘော်ဒါဆောင် သွားဖွင့်ထားတယ်။ ရန်ကုန်ပြန်လာလိုက်၊ ဟိုပြန်ပြေးလိုက် ဖြစ်နေတာပေါ့။ သမီးကလည်း စာမေးပွဲ ၁၆ ရက်မှာ ဖြေရမယ်။ ခုတော့ သမီးက (၄)တန်းပါ။ အထက မိုင်းဆတ်မြို့မှာပဲ ကျောင်းတက်နေတာပါ။

မြန်မာ့အလင်း