စလင်းမြို့နယ်တွင်  သဘာဝမြေဩဇာအသုံးပြု ကြက်သွန်နီနှင့် ဆီစားနေကြာ သီးထပ်သီးညှပ်စိုက်ပျိုးမှု ရိတ်သိမ်း

စလင်း ၂၀   မတ်  

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြေမိရပ်ကွက် ကွင်းအမှတ်(၄၁၈)ရှိ တောင်သူဉီးသိန်းထွန်း၏ လယ်မြေ ဝ ဒသမ ၆၀ ဧက၌ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနနှင့် အကျိုးဆောင်တောင်သူ ပူးပေါင်းစိုက်ပျိုးထားသော စပါးပြီးလယ်မြေပေါ်တွင် သဘာဝမြေဩဇာအသုံးပြု ရွှေဖလားကြက်သွန်နီနှင့် ဆီစားနေကြာ သီးထပ်သီးညှပ်စိုက်ပျိုးမှု တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ခင်း စံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါစံပြကွက်ကို မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးလယ်မြေပေါ်တွင် သဘာဝမြေဩဇာနွားချေး ၅ တန်၊ ဖွဲပြာ ၂ တန် မြေချအသုံးပြုပြီး  ၄၅ ရက်သား ကြက်သွန်နီ ပျိုးပင်များနှင့် ဆီစားနေကြာမျိုးများကို ၄ လက်မခြား ရေဖြန်းစနစ်ဖြင့် ယခင်နှစ် ဒီဇင်လာလမှစ၍ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါစိုက်ပျိုးပြီး ရက် ၉၀ အကြာတွင် ကြက်သွန်နီအထွက်နှုန်း ခန့်မှန်းနိုင်ရန်အတွက် တစ်ဧက၏ ၁၀ဝ၀ ပုံ ၁ ပုံ ၆ ဒသမ ၆ ပေပတ်လည်ကွက်ကို ရိတ်သိမ်းရာ ၃ ဒသမ ၁၆ ပိဿာ ထွက်ရှိပြီး တစ်ဧကအထွက်နှုန်း ပျမ်းမျှ ၃၁၆၀ ပိဿာထွက်ရှိကြောင်းသိရသည်။  

"ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဓါတုဓါတ်မြေဩဇာများကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓါတုဓါတ်ကြွင်းကျန်ခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများကို နောက်ဆက်တွဲအနေဖြင့် ခံစားကြရပြီး ၎င်းပြဿနာများကို ကုစားဖြေရှင်းပေးနိုင်သည့် နည်းလမ်းကောင်းတစ်ခုအနေဖြင့် သဘာဝမြေဩဇာ အသုံးပြု တောင်သူအသိ ပညာပေးစံပြစိုက်ခင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နေကြာရိတ်သိမ်းပြီးပါက သဘာဝမြေဩဇာအသုံးပြု၍ နှမ်းနက်ဆင်းရတနာ-၃ မျိုးများကို ဆက်လက်စိုက်ပျိုး၍ သီးထပ်သီးညှပ်စိုက်ပျိုးမှု တောင်သူအသိပညာပေး ကွင်းသပြပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း" မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဉီးမြင့်လင်းကပြောသည်။

စိုးမိုးသူ( စလင်း)