စိုက်ပျိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန် ကုမ္ပဏီကြီးများသို့ ပေးထားသော မြေများကို အစိုးရက ၈၀ ရာခိုင်နှုန်း ပြန်ယူပြီး ကုမ္ပဏီများကို ၂၀ ရာခိုင်နှုန်း ပြန်ပေးမည်

ရန်ကုန်  ၁၀  အောက်တိုဘာ

 

ယခင်အစိုးရလက်ထက် စိုက်ပျိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန်အတွက် ကုမ္ပဏီကြီးများသို့ ပေးထားသော မြေများကို အစိုးရက ၈၀ ရာခိုင်နှုန်း ပြန်ယူပြီး ကုမ္ပဏီများကို ၂၀ ရာခိုင်နှုန်း ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

 

ယခင်အစိုးရလက်ထက်က စိုက်ပျိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့ရှိ  မြေဧက ၉,၃၀ဝ ကျော်ကို ကုမ္ပဏီကြီးများသို့ ပေးထားသော်လည်း လုပ်ငန်း မအောင်မြင်သည့်အတွက် လူနေဇုန်များ၊ စီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ပြန်လည် အကောင်အထည်ဖော်ရန် ပြန်လည်ရယူခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့မှာရှိတဲ့ ယခင်တုန်းက စံပြစိုက်ပျိုးရေးဇုန်ကြီးများအဖြစ် သတ်မှတ်ခဲ့တဲ့ ဧက ၉၃၀ဝ ကျော်ရှိပါတယ်၊ အဲဒါတွေက ကုမ္ပဏီကြီးတွေကို ယခင်အစိုးရလက်ထက်ထဲက ဧက ၅၀ဝ တို့ ၃၀ဝ တို့ စိုက်ပျိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ဖို့ ပေးထားတာရှိပါတယ်၊ အဲဒါသည် မြို့ပြစီမံကိန်း ဆောင်ရွက်ဖို့ လန ၃၉ ယခင်အစိုးရသတ်တမ်းထဲက ရရှိခဲ့ပြီးသားပါ၊ သို့သော် မြို့ပြစီမံကိန်း အကောင်အထည်မဖော်နိုင်မီမှာ စိုက်ပျိုးရေးဇုန်ကြီးတွေ လုပ်ဖို့အတွက် လမ်းညွှန်ခဲ့တဲ့အတွက် စိုက်ပျိုးရေးဇုန်တွေလုပ်ဖို့ ကုမ္ပဏီကြီးတွေ ပေးထားပါတယ်၊ ဒီနေ့ အဲဒီစိုက်ပျိုးရေးဇုန်ကြီးတွေ အကောင်အထည်ဖော်တာ လုပ်ငန်းမအောင်မြင်တဲ့အတွက် လူနေဇုန်တွေ စီးပွားရေးဇုန်တွေ စက်မှုဇုန်တွေ ပြတ်လည်အကောင်အထည်ဖော်နိုင်ဖို့အတွက် အဲဒီကုမ္ပဏီကြီးတွေနဲ့ ၈၀ ရာခိုင်နှုန်းကို အစိုးရကပြန်ယူပါ့မယ်၊ ၂၀ ရာခိုင်နှုန်းကို  အဲဒီကုမ္ပဏီတွေကို ပြန်ပေးပါမယ်"ဟု ဦးသန်းက ပြောသည်။

 

ထို့ပြင် အစိုးရက ပြန်ယူမည့်မြေ ၈၀ ရာခိုင်နှုန်းကိုလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များကို စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ၊ အိမ်ရာစီမံကိန်းဇုန်များ အကောင်အထည် ဖော်နိုင်ရန်အတွက် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ရောင်းချလိုက်သည့်မြေများမှာလည်း အာမခံချက်အပြည့်ရှိကြောင်း ဦးသန်း က ပြောသည်။ "အခုရောင်းလိုက်တဲ့မြေတွေကို အာမခံချက် အပြည့်ရှိသလားဆိုတော့ ကျွန်တော်တို့က အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို စိစစ်ပြီးမှ ပြန်လည်ရောင်းချတာဖြစ်တဲ့အတွက် အပြည့်အဝ အာမခံချက်ရှိပါတယ်"ဟု ၎င်းက ဆက်ပြောသည်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် မြေစီမံခန့်ခွဲမှုကော်မတီက အဆင့်သုံးဆင့်ဖြင့် သတ်မှတ်ကာ ရောင်းချပေးမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် တစ်ရာ့ရှစ်ဆယ်ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းရှိ ယခင် စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် မြေဧကကိုးထောင်ကျော်ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ပထမအဆင့် ရောင်းချမယ့် မြေကွက်ငါးရာကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာများကို ယခုလ ၇ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးတွင် ဝယ်ယူနိုင်ပြီး လာမည့် နိုဝင်ဘာ ၈ ရက်တွင် လျှောက်လွှာပြန်တင်ရမည်ဖြစ်သည်။

 

Nyein Nyein