စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးကျန်းမာရေးသို့

၁၆  အောက်တိုဘာ

လူတို့အတွက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေး၊ ကျန်းမာရေးတွင် မျက်မှောက်ကာလအဖို့ ပြည်သူလူထုအား အသိမှန်ညွှန်ပြပေးရေးနှင့် စိတ်လက်ပေါ့ပါးလန်းဆန်းကျန်းမာအောင် ဆောင်ကြဉ်းပေးနိုင်ရေးသည် အရေးပါသည့် ကဏ္ဍဖြစ်သည်။ လူထု၏ စိတ်အားဖွံ့ဖြိုးကျန်းမာစေရေးကို အသိပညာပေးဖျော်ဖြေရေး ကဏ္ဍတစ်ခုဖြစ်သော ရုပ်ရှင်သည် အဓိက ထောက်ကူပေးနိုင်ပါသည်။

ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးကျန်းမာရေးဆိုရာ၌ ရုပ်ရှင်မှပေးသော အသိပညာဗဟုသုတများ၊ ရုပ်ရှင်မှ ရရှိသော ခံစားချက်များနှင့် သင်ခန်းစာများယူနိုင်မှု မည်မျှရှိသည်၊ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရှုခံစားခြင်းဖြင့် စိတ်လက်ရွှင်လန်း အပန်းဖြေနိုင်မှု မည်မျှအထိ ထိရောက်မှု ရှိနိုင်သည်တို့သည် ရုပ်ရှင်လောက၏ ရပ်တည်နေမှုနှင့် ဖွံ့ဖြိုးမှုကို မီးမောင်းထိုးဖော်ပြနေပါသည်။

ရုပ်ရှင်နှင့်ပြည်သူ၊ ပြည်သူနှင့်ရုပ်ရှင်သည် တစ်သားတည်ပင် ဖြစ်သည်။ ပြည်သူလူထု အပန်းဖြေကြည့်ရှုခံစားခြင်းနှင့် ရုပ်ရှင်လောကမြင့်မားခြင်းတို့သည် အကြောင်းအကျိုးဆက်စပ်နေသည်။ ရုပ်ရှင်လောကဖွံ့ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းသည် ပြောင်းလဲလာသော နည်းပညာတိုးတက်မှုကြောင့်ဟုလည်း အပြစ်မဆိုနိုင်၊ ပြည်သူလူထု ဆင်းရဲခြင်း၊ ချမ်းသာခြင်း အကြောင်းသက်သက်လည်း မပြောနိုင်။ ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ရုပ်ရှင်နှင့်ပြည်သူအံဝင်ခွင့်ကျဖြစ်ခြင်း၊ မဖြစ်ခြင်းသည် အကြောင်းရင်း တစ်ခုဖြစ်နိုင်သည်။

တစ်ချိန်သောကာလက ဖျော်ဖြေမှုနည်းပညာများ မျက်မှောက်ကာလကဲ့သို့ တိုးတက်ထွန်းကားခြင်း မရှိသေးသောကြောင့် ရုပ်ရှင်ဘက်တွင် ပြညသူလူထုအားပေးမှု အပြည့်အဝ၇ှိသည်ဟု ဆိုနိုင်သည်မှာ ပြည်သူလူထု အပန်းဖြေရေးကဏ္ဍ၌ ရုပ်ရှင်ရုံများသည် အဓိကကျသည့်နေရာ၌ ရှိနေခြင်းသည် အကြောင်းတစ်ချက်ဖြစ်သည်။ မဖွံ့ဖြိုးသောကာအဖို့ မြို့တိုင်း၊ နယ်တိုင်းတွင် ရုပ်ရှင်ရုံများသည် ပြည်သူလူထု အပန်းဖြေစရာအကောင်းဆုံးနေရာများ ဖြစ်နေသည်။

ဖျော်ဖြေမှုနည်းပညာတိုးတက်လာခြင်း၊ ရုပ်ရှင်ရုံများ မှေးမှိန်တိမ်ကောလာခြင်းနှင့် ခံစားမှုရသပေးစွမ်းနိုင်မှု အားနည်းလာခြင်းတို့သည် ရုပ်ရှင်လောကဆင်းရခြင်း၏ အရင်းခံအကြောင်းများ ဖြစ်သည်။ နိုင်ငံတကာတွင် နည်းပညာများ ပြောင်းလဲတိုးတက်နေသော်လည်း ရုပ်ရှင်ကဏ္ဍမကျဆင်းရခြင်းမှာ ရုပ်ရှင်လောကနှင့် ရုပ်ရှင်ရုံများအား ခေတ်နှင့်အညီ ပြည်သူလူထုအကြိုက် တင်ဆက်နိုင်အောင် ကြိုးပမ်းအားထုတ်နိုင်သောကြောင့် ဖြစ်သည်။

ယခုအခါ ရုပ်ရှင်လောက၊ ရုပ်ရှင်ကဏ္ဍ မြင့်မားတိုးတက်လာရေးအတွက် နိုင်ငံတော်၏ အားပေးမှုနှင့် ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာသည်ကို တွေ့ရသည်။ အဓိကကျသည့် ရုပ်ရှင်ရုံများကို ရန်ကုန်တွင်သာမက နယ်ဘက်မြို့များတွင် ပြန်လည်ဖွင့်လှစ်အဆင့်မြှင့်တင် ပြသနိုင်အောင် ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ရုပ်ရှင်ရုံ ဖျော်ဖြေမှုနှင့် ကိုယ်ပိုင်သုံးဖျော်ဖြေရေးပစ္စည်း မတူကွဲပြားမှုများကို သိမြင်ကြသော ပြည်သူလူထုအနေဖြင့် ရုပ်ရှင်ရုံဘက်တွင် ကြည့်ရှုအားပေးမှု တိုးတက်လာသည်မှာ မှန်သော်လည်း ထိရောက်အောင် အဆင့်မြှင့်တင်မှု လိုအပ်နေသည်ကို တွေ့ရသည်။

ယခုအခါ အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ၊ အပြီးရောင်းချထားသည့် ရုပ်ရှင်ရုံနှင့် ပုဂ္ဂလိက အစီအစဉ်ဖြင့် ဖွင့်လှစ်သော အဆင့်မြင့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာပါသည်။ အရေအတွက်အားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရုပ်ရှင်ရုံ ၆၈ ရုံတွင် ပိတ်ကား ၈၁ ခုအထိ တိုးတက်လာသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ ၁၅၉ ရုံတွင် ပိတ်ကား ၁၈၂ ခုအထိ တိုးတက်ပြသလာနိုင်ပါသည်။

သို့သော် ပြည်သူလူထု စိတ်ကျေနပ်မှုဖြစ်စေမည့် ရုပ်ရှင်ရုံအင်္ဂါရပ်နှင့်ညီညွတ်စေရေး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို အကျိုးပြုသော ရုပ်ရှင်ဇာတ်ကားများ ပေါ်ထွန်းရေး၊ ပြည်သူလူထု လိုအပ်ချက်၊ စိတ်ခံစားချက်နှင့်ကိုက်ညီမည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ဖန်တီးထုတ်လုပ်နိုင်ရေးတို့ကို အဆင့်မြှင့်တင်ပြသသည့် ရုပ်ရှင်ရုံနှင့်ပိတ်ကားများ တိုးတက်လာမှုများကို နှိုင်းယှဉ်ကြည့်ပါက လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါကြောင်း။

ကြေးမုံ