စိတ်စေတနာနှင့် သိက္ခာသမာဓိ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ကူညီမှု ငါးမျိုးစီကို ဧပြီ ၁၀ ရက်မှ စတင်၍ အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးမည် ဖြစ်ကြောင်းနှင့် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိကို ဧပြီလကုန်အထိ အခမဲ့ပေးသွားမည်ဖြစ် Coronavirus Disease 2019 (COVID-19) ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ဤသည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ နိုင်ငံအနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှာဖွေသုံးသပ် ခဲ့ခြင်းမှ ထွက်ပေါ်လာသည့်ရလဒ်ဖြစ်ပြီး ပြည်သူများ အထူးသဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် နိုင်ငံတော်အစိုးရ၏ စေတနာ၊ မေတ္တာ ပြယုဂ်တစ်ခုလည်းဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုအတွက် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ပါဝင်သည့် ထောက်ပံ့ကူညီမှု (၅) မျိုးကို ရက်တိုတိုအတွင်း အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ရာတွင် မလိုလားအပ်သည့် လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေး အတွက်လည်း စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းစသည်တို့ကို ပြုလုပ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြီးကြပ်ကွပ်ကဲကာ ဌာနဆိုင်ရာများ၊ ကုန်သည်/ စက်မှုအသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟူ၍လည်း သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

 

နိုင်ငံအနေဖြင့် ဓနအင်အားတောင့်တင်း၍ ချမ်းသာကြွယ်ဝသည့် နိုင်ငံမဟုတ်စေကာမူ နိုင်ငံသူ နိုင်ငံသား ပြည်သူတို့ တင်ပြလာသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှုမှာ ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ အစီအမံပင်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးတွင်ရှိနေသော အမှန်တကယ် လိုအပ်နေသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများထံ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ရောက်ရှိသွားရန် ဝိုင်းဝန်းကြိုးပမ်း ပေးကြဖို့ လိုမည်ဖြစ်သည်။

 

မိမိတို့ ပြည်သူတစ်ရပ်လုံး ရင်ဆိုင် ဖြတ်သန်းနေကြရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ဒေသအလိုက် အသွားအလာကန့်သတ်မှုများ ပြုလုပ်နေရချိန်တွင် နိစ္စဓူဝ စားဝတ်နေရေးအတွက် အထိ အနာဆုံး ထိခိုက်ခံစားကြရမည့်သူများမှာ ပုံမှန်ဝင်ငွေမရှိကြသည့် မိသားစုများက ထိပ်ဆုံး၌ရှိနေကြလိမ့်မည် ဖြစ်သည်။ ထို့အပြင် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်နှင့်ပါ တိုက်ဆိုင်လာသည့်အခါ အခြေခံလူတန်းစားများအဖို့ နေ့ရက်တိုင်းမှာ အခက်အခဲကြီးစွာ ရင်ဆိုင်ကြရမည် ဖြစ်သည့်အလျောက် နိုင်ငံတော်ကထောက်ပံ့သည့် အခြေခံ စားကုန် (၅)မျိုးမှာ အတိုင်းအတာတစ်ရပ်အထိ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိသည်။ အထူးအားဖြင့် ဆိုဖွယ်ရှိသည်မှာ “ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား” မိသားစုများ စာရင်းကောက်ယူခြင်းနှင့် ပစ္စည်းများ ဖြန့်ဝေခြင်းတို့တွင် တာဝန်ယူဆောင်ရွက်ကြရသည့် ပုဂ္ဂိုလ်များ၏ လုပ်ရည်ကိုင်ရည်၊ စိတ်စေတနာနှင့် သိက္ခာ သမာဓိတို့ကို မူတည်၍ အောင်မြင်မှုအနိမ့်အမြင့်တို့ ဖြစ်ပေါ်လာနိုင်ခြင်းပင် ဖြစ်သည်။

 

အခြေခံလူတန်းစားပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ကြရသည့်အခါ အကျင့်ပျက်၊ ဘက်လိုက်၊ သမာသမတ်မရှိပါက မကျေနပ်မှုများ၊ ပဋိပက္ခများ ပေါ်ပေါက်လာနိုင်သလို ချမှတ်ပေးထားသည့် ညွှန်ကြားချက်များ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ စေတနအပြည့်ဖြင့် ဆောင်ရွက်ပေးသည့်တိုင် ငြင်းခုံမှုများ၊ ဝိရောဓိများလည်း ရှိနိုင်သည်သာဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ပုံမှန်ဝင်ငွေ မရှိကြသည့် အခြေခံလူတန်းစားများ ကာလ တစ်ရပ်အတွက် စားရေးမခက်ရအောင် ကရုဏာစိတ်ထားကာ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာကို ထိထိရောက်ရောက် ဖြန့်ကြက်နိုင်ကြပါစေကြောင်း။

မြန်မာ့အလင်း