စိန်ခေါ်မှုကို အခွင့်အရေးအဖြစ်အသုံးချ

၁၂ ဇူလိုင်

 

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားရသည့် စီးပွားရေးလုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းသည် လုံးဝရပ်တန့်သွားလောက်သည်အထိ အဆိုးရွားဆုံး ဖြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အစတွင် မျှော်လင့်မထားသော ကပ်ရောဂါဆိုးကြောင့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ ခရီး သွားလုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဇူလိုင်လ ၁၀ ရက်နေ့က အပြန်အလှန်ဆွေးနွေးခဲ့သည်။

 

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ယခုအချိန် ကိုဗစ်ကာလတွင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများအား ပြန်လည်လေ့လာသုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် အခြေအနေရောက် အောင်နှင့် အဆင့်မြှင့်တင်လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အရေးဖြစ်သည် ဟု စဉ်းစားစေလိုပါကြောင်း အကြံပြုခဲ့ပြီး “ခရီးသွားလုပ်ငန်း၊ ဟိုတယ် လုပ်ငန်းများကလည်း ပြည်သူလူထု၏၊ မိမိတို့နိုင်ငံ၏၊ ပြည်ထောင်စု၏ လုံခြုံမှုနှင့်ချမ်းသာမှုကို အမြဲတမ်းစိတ်ထဲထားရှိပြီး ဦးတည် ဆောင်ရွက်စေလိုပါကြောင်းမှာကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကာလတွင် မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းအားလုံး ထိခိုက်ခဲ့သော်လည်း ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အများအပြားကူညီခဲ့ကြသည်။ ကိုဗစ်-၁၉ စိန်ခေါ်မှုကို ရင်ဆိုင်သောအခါ ဟိုတယ်လုပ်ငန်းများသည် ရှေ့တန်းမှပူးပေါင်းပါဝင်ခဲ့ သည်။ ယင်းကို ပြန်လည်အလေးအနက်ထားသောအားဖြင့် နိုင်ငံတော် အစိုးရက ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများအား ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် ပြန်လည်သုံးသပ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဟု သိရသည်။ ထိုသို့ပံ့ပိုးပေးရာတွင် ချေးငွေအစီအစဉ်သာမက လုပ်နည်း ကိုင်နည်းများကိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကြံပေးခဲ့သည်မှာ အကျိုးများနိုင်သော ကိစ္စများဖြစ်သည်။

 

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဟူသည် သူစိမ်းတစ်ရံဆံများနှင့် အစဉ်အမြဲ ထိတွေ့ဆက်ဆံရသောလုပ်ငန်းဖြစ်ပြီး အထူးသဖြင့် ပြည်ပနိုင်ငံသား ဧည့်သည်များနှင့် ထိတွေ့ဆက်ဆံရသောလုပ်ငန်းဖြစ်၍ ယခုကဲ့သို့ ကိုဗစ်ကာလတွင် သတိကြီးကြီးထားပြီး ချင့်ချိန်နေရခြင်းဖြစ်သည်။ ထိုလုပ်ငန်းများတွင် ထိခိုက်ခံစားရမှုများကို နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးမှုများဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ စိတ်ခေါ်မှုမှပေါ်ထွက်လာသော အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ပြီး ယခုလက်ရှိလုပ်ငန်းများအပြင် ပိုမိုကောင်းမွန်သော ရှေ့ခရီးနည်းလမ်းသစ်များကိုလည်း တီထွင်ကြံဆလုပ်ကိုင်ရမည်ဖြစ်သည်။

 

ပုံမှန်လုပ်ငန်းများလစ်လပ်နေချိန်တွင် ဟိုတယ်နှင့်သက်ဆိုင်သည့် သင်တန်းများ၊ ချက်နည်းပြုတ်နည်း သင်ကြားပြသခြင်းလုပ်ငန်းများ၊ ဟိုတယ်များတွင် ရရှိနိုင်သည့် အထူးအစားအစာများ၊ ဟိုတယ်မှတစ်ဆင့် စိတ်အပန်းဖြေနေရာများသို့ သွားရောက်လေ့လာနိုင်အောင် စီစဉ်ပေးထားမှု များကို အွန်လိုင်းမှတစ်ဆင့် ဝက်ဘ်ဆိုက်များတွင် ကြေညာခြင်း၊ လုပ်ငန်း လိုအပ်အချက်အရ ဝန်ထမ်းများလျှော့ချခြင်းထက် လိုအပ်သည့်နေရာတွင် ပြောင်းလဲအလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် လှပသည့်နေရာများတွင် နေအိမ်များဆောက်လုပ်ပြီး တစ်ညအိပ်၊ နှစ်ညအိပ် သဘာဝပတ်ဝန်းကျင် လေ့လာသည့်ပုံစံမျိုး စသည့်ပုံစံသစ်များကိုစဉ်းစား ပါက ရေရှည်တွင်နိုင်ငံအတွက် ကောင်းစွာ အထောက်အပံ့ဖြစ်စေနိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကြံပြုထားသည်။

 

ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးနယ်ပယ်၌ ထိခိုက်မှုအများဆုံး ဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးအနက်ထား၍ ရေတို၊ ရေရှည်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားလမ်းညွှန်ခဲ့သည်။ ရောဂါဖြစ်ပွားနေဆဲကာလတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဖြစ်နိုင်သည့်နည်းလမ်းများကို ရှာဖွေလုပ်ကိုင်ကြရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြီးဆုံးသွားလျှင် ကမ္ဘာနှင့်အဝန်း ယှဉ်ပြိုင်ရမည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအတွက် အသင့်ဖြစ်နေအောင် ပြင်ဆင်ပြုပြင် လုပ်ကိုင်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလ၌ စီးပွားရေးလုပ်ငန်းများတွင် စိန်ခေါ်မှု အများဆုံးဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ မယိုင်လဲဘဲ ကြံ့ကြံ့ခံနိုင်ရန် စိန်ခေါ်မှုများကို အခက်အခဲများဟုမရှုမြင်ဘဲ အခွင့်အရေးများအဖြစ် ပြောင်းလဲအသုံးချကြရမည်ဖြစ်သည်။ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ လက်ရှိနှင့်ရေရှည် တိုးတက်ကောင်းမွန်လာရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပြုခဲ့သလို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းသည် နှလုံးသားချင်းဆက်ဆံမှု၊ ယင်းမှတစ်ဆင့်တိုးပြီး မြန်မာနိုင်ငံကိုလာရောက်သည့် ခရီးသွားဧည့်သည် များကို စိတ်ချင်းဆက်စပ်မှုကိုပါ အားပေးမြှင့်တင်စေလိုပါကြောင်း။ ။

 

ကြေးမုံ