စီးပွားရေးတိုးတက်မှုမြှင့်တင်မည်ဟု ရွေးကောက်ပွဲအကြိုကာလတွင် သမ္မတရိုဟာနီ ကတိပြုပြောကြား

၁၇ ဖေဖော်ဝါရီ

 

အီရန်သမ္မတ ဟာဆန် ရိုဟာနီ က အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမှုသည် အီရန်နိုင်ငံအပေါ် များစွာသက်ရောက်မှုရှိသောကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပြီး စီးပွားရေးတိုးတက်မှု မြှင့်တင်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

 

သောကြာနေ့တွင် ကျင်းပတော့မည့် ပါလီမန်ရွေးကောက်ပွဲမတိုင်မီ ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရိုဟာနီသည် ထိုစီးပွားရေးနှင့်ပတ်သက်ပြီး အလေးထားပြောကြားခဲ့သည်။

 

လက်ရှိ ဖိအားပေးခံရသောအခြေအနေအောက်တွင် ဝါရှင်တန်နှင့် ဆွေးနွေးမှု ပြုလုပ်မည် မဟုတ်ကြောင်း၊ အမေရိကန် ဒဏ်ခတ်အရေးယူမှုများကို မည်သည့်ဆွေးနွေးမှုမျှ မပြုလုပ်မီ ဖယ်ရှားပေးစေလိုကြောင်း ရိုဟာနီက ပြောကြားခဲ့သည်။

 

ဝါရှင်တန်သည် အီရန်နိုင်ငံ၏နျူကလီးယားအစီအစဉ်များကို တားဆီးရန် ၂၀၁၅ ခုနှစ် သဘောတူညီချက်မှ တစ်ဖက်သတ် နှုတ်ထွက်ခဲ့ပြီးနောက် တီဟီရန်ကို အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ပြီးချိန်မှစတင်ကာ နှစ်နိုင်ငံအကြား တင်းမာမှုများ ကြီးထွားလာခဲ့သည်။

 

ရိုဟာနီသည် အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်ပဲ တွေ့ဆုံဆွေးနွေးမှုကို အလေးထားပြောကြားခဲ့သည်။

 

ရိုဟာနီ၏ နောက်ဆုံး ပြောကြားချက်များသည် ကိုယ်စားလှယ်လောင်းများအတွက်  ထောက်ခံအားပေးမှုရရှိရန် ရည်ရွယ်ခြင်း ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို