စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် လက်လီလက်ကားရောင်းချမှုဆိုင်ရာ ဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ၁  ဩဂုတ် 

 

လက်လီလက်ကား ရောင်းချမှုဆိုင်ရာဖိုရမ်ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကာလအတွင်း လက်လီလက်ကားရောင်းချဖြန့်ဖြူးမှု  Supply Chain  ကဏ္ဍတစ်ခုလုံးတွင် ပါဝင်နေသည့် လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်သူများ၏ ဝယ်လိုအား လျော့နည်းလာသည့် အခြေအနေ ကြောင့် ကိုဗစ်-၁၉ ကာလအလွန် လက်လီလက်ကားရောင်းချမှု အလားအလာကောင်းမွန်လာစေရန် ရည်ရွယ်၍ လက်လီလက်ကားရောင်းချဖြန့်ဖြူးမှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ဖိုရမ်ကို ကျင်းပရခြင်း ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့်လည်း လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများလျော့ပါးစေရေး အတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်က ချမှတ်ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ၏ ပန်းတိုင် များတွင် ဆန်းသစ်ထုတ် ကုန်များနှင့် ပုံစံများကို တိုးမြှင့်မိတ်ဆက်ခြင်းဆိုသည့် စီမံချက်သည် ပန်းတိုင်တစ်ခုအနေဖြင့် ပါဝင်ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကိုလည်း ဆက်စပ်ဌာနများနှင့် အသင်းအဖွဲ့များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ယနေ့ကျင်းပသည့် ဖိုရမ်တွင် လက်လီ လက်ကားဖြန့်ဖြူရောင်းချသူများ အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အစီအစဉ် များနှင့်အကြံပြုချက်များကို ဆွေးနွေးဖော်ထုတ်သွားရန်ဖြစ်ပါကြောင်း၊ လက်လီလက်ကားရောင်း ချမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်များကိုလည်း ဆွေးနွေးရရှိမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က လက်လီ လက်ကား ရောင်းချမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြသည်။

 

ဆက်လက်၍ အခမ်းအနားကို ခေတ်မီဆန်းသစ်သော လက်လီ/လက်ကားရောင်းချမှု လုပ်ငန်း ဆောင်ရွက်ရာတွင် ရရှိသောအခွင့်အလမ်းနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ လက်လီ/ လက်ကား ရောင်းချမှုလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခွင့်အလမ်း နှင့်စိန်ခေါ်မှုများ၊ အကြံပြုချက်များ၊ လက်လီ/လက်ကားရောင်းချမှုလုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းစဉ် များနှင့် လက်လီ/လက်ကားရောင်းချမှုဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များဟူ၍ အပိုင်း (၄)ပိုင်းခွဲ၍ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ လက်လီလက်ကားရောင်းချသည့် လုပ်ငန်းရှင်များက  ဆွေးနွေးကြသည်။

 

အဆိုပါ ဖိုရမ်သို့ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လက်လီလက်ကား ရောင်းချသူ လုပ်ငန်းရှင်များ ပါဝင်တက်ရောက် ကြပြီး Online မှ ပါဝင်တက်ရောက်ဆွေးနွေးသူ ဦးရေ (၂၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)