ဆယ်စုနှစ်အတွင်း လီဗာပူးကို အနိုင်မရရှိသည့် စံချိန်ကို အဆုံးသတ်သွားဖွယ် ရှိနေသည့် အဲဗာတန်၏ ယခုရာသီ စွမ်းဆောင်ရည်များအပေါ် အံ့အားသင့်ခြင်း မရှိကြောင်း  လီဗာပူးနည်းပြ ကလော့ဆို

၁၆ အောက်တိုဘာ

 

 

ယခုရာသီ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ အဲဗာတန်အသင်းရဲ့ ရလဒ်တွေအပေါ် အံ့အားသင့်ခြင်း မရှိကြောင်း မြို့ခံပြိုင်ဘက်  လီဗာပူးနည်းပြ ကလော့ပ်က ဆိုပါတယ်။ ကလော့ပ်က “အဲဗာတန်အသင်းကို ကိုင်တွယ်နေတဲ့  နည်းပြ အန်စလော့တီဟာ ထိပ်တန်းနည်းပြ ဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်တာကြောင့် ကစားသမားစုဖွဲ့မှု ပိုမိုတောင့်တင်းလာတဲ့ အချိန်မှာ ရလဒ်ကောင်းတွေ ဖော်ဆောင်လာနိုင်တာက  အံ့အားသင့်စရာ မရှိဘူး” လို့ ပြောကြားပါတယ်။

 

 

အန်စလော့တီဟာ အေစီမီလန်၊ ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေကို ကိုင်တွယ်ဖူးပြီး  အမှတ်ပေးချန်ပီယံနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။သူဟာ ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့တုန်းကလည်း ပရီးမီးယားလိဂ်ဖလား ရယူပေးထားနိုင်ခဲ့သူ ဖြစ်သလို ပြီးခဲ့တဲ့ ရာသီကတည်းက လာမယ့်ရာသီကျရင် အဲဗာတန်ကို လက်စတာလို ပရီးမီးယားလိဂ် အသင်းကြီးတွေကို ခြိမ်းခြောက်နိုင်တဲ့ အသင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ကတိပြုထားပြီးဖြစ်ပါတယ်။

 

 

နည်းပြ အန်စလော့တီရဲ့ အဲဗာတန်အတွက် ခင်းကျင်းထားတဲ့ ၄-၃-၃ ကစားကွက်ဟာ နည်းဗျူဟာပိုင်းအရ မျှတမှု ရှိသလို  ပရီးမီးယားလိဂ်လို  ကိုယ်ကာယပိုင်း အသားပေးကစားရတဲ့  လိဂ်နဲ့လည်း အံဝင်တာကြောင့်  ယခုနှစ်ဘောလုံးရာသီ အဲဗာတန်အသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်တာဖြစ်ပါတယ်။ အဲဗာတန် အနေနဲ့ ဆယ်စုနှစ် တစ်စုကြာ အနိုင်မရခဲ့တဲ့ မြို့ခံပြိုင်ဘက် လီဗာပူးကို ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရသွားဖို့ နှာတစ်ဖျားအသာ  အနေအထားမှာ ရှိနေပြီလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းချက်ထုတ်လာပါတယ်။  နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ  အဲဗာတန်က ဂိုးပြတ်နိုင်ပွဲတွေချည်း ရယူထားနိုင်ခဲ့ချိန် လီဗာပူးကတော့ ခြေစွာနေတဲ့ ဗီလာကို ခုနစ်ဂိုး-နှစ်ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့ အနေအထားပေါ် မူတည်ပြီး ယခုလို ခန့်မှန်းနေကြတာပါ။

 

 

နည်းပြ ကလော့ပ်ကတော့ အဲဗာတန်ကို အန်စလော့တီ ကိုင်တွယ်မယ်လို့ သတင်းကြား ကတည်းက ပရီးမီးယားလိဂ်ဟာ စိန်ခေါ်မှုတွေ ပိုမို များလာတော့မယ်လို့ သူ ခန့်မှန်းထားပြီးဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။ အဲဗာတန်က လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပရီးမီးယားလ်ဂ်ပွဲစဉ် ၅ ကို  မနက်ဖြန် အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီ အချိန်မှာ ပရိသတ်တွေ ရှုစားရတော့မှာ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း