ဆယ်အိမ်တန်းကမ်းခြေ ငါးဒိုင်များမှ ကြည်မြင်တိုင်ငါးဈေးသို့ ဈေးကွက်ဝင်ငါးများ ပုံမှန်တင်ပို့လျက်ရှိ

ရန်ကုန်  ၃၀ ဒီဇင်ဘာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ပင်လယ်ကမ်းခြေဖြစ်သော ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကျေးရွာ၊ လက်ခုပ်ကုန်းနှင့် အလယ်ရွာတို့မှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး တစ်နှစ်ထက်တစ်နှစ် ပင်လယ်ပြင်တွင် ငါးသယံဇာတ လျော့နည်းလာ သော်လည်း ယခုနှစ်ငါးဖမ်းရာသီတွင် ကြည့်မြင့်တိုင်ငါးဈေးသို့ ပုံမှန်တင်ပို့နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ငါးများဖြစ်သော ငါးတန်၊ ငါးသလောက်နှင့် ငါးပုပ်သင်ငါးတို့ကို အများဆုံးရရှိပြီး ဆယ်အိမ်တန်း ပင်လယ်ပြင်တွင် ရေလုပ်သားများ နေ့စဉ်ဖမ်းဆီးရမိသော ငါးများကို ငါးဒိုင်များတွင် ရောင်းချလျက်ရှိကာ ယခုနှစ်တွင် ရောင်းတန်းဝင်ငါးများ ပုံမှန်ဈေးနှုန်းအတိုင်းဖြင့် ရောင်းသူ၊ ဝယ်သူ အဆင်ပြေလျက်ရှိသည်။

သ+

ပင်လယ်ပြင်မှ ကကတစ်၊ ပုဇွန်၊ ငါးနတ်ကတော်(ငါးရှည်)တို့မှာ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်၍ ငါးပုပ်သင်နှင့် ငါးသလောက်မှာ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

ဆယ်အိမ်တန်းကျေးရွာမှာ ငါးအဝယ်ဒိုင် ရှစ်ဒိုင်ရှိတယ်။ ငါးဖမ်းလှေတစ်ရာကျော်ရှိပြီးတော့ ငွေကြိုယူပြီး ပင်လယ်ပြင် ထွက်တာလည်း ရှိတယ်။ အခုအချိန်မှာ ငါးဈေးငြိမ်တယ်။ ရတဲ့သူရသလို အရနည်းတဲ့သူလည်း ရှိတယ်။ စက်တင်ဘာနှင့် အောက်တိုဘာလဟာ ပင်လယ်ပြင်မှာ ငါးဖမ်းဆီးမှု အများဆုံးရရှိလို့ ဝင်ငွေကောင်းတဲ့လပဲ။ မတ်လကနေ ဇူလိုင်လကုန်ထိ ငါးရရှိမှုနည်းပြီး ပင်လယ်ပြင်အခြေအနေကြောင့် ငါးဖမ်းဆီးမှု ရပ်နားတဲ့အချိန် ဖြစ်တာကြောင့် အလုပ်အကိုင် ခက်ခဲတဲ့လပဲ။  မနှစ်ကထက် ငါးဈေးငြိမ်ပြီး ပြည်ပပို့ကုန်ငါးလည်း ပုံမှန်ရနေလို့ ရေလုပ်သားတွေ အဆင်ပြေကြတယ်” ဟု ဆယ်အိမ်တန်းကမ်းခြေ ငါးအဝယ်ဒိုင်မှ ဦးမျိုးနိုင်က ပြောသည်။

သ++

ပြည်ပဈေးကွက်ဝင် ငါးပုပ်သင် ၅၀ ကျပ်သားဆိုဒ် ကျပ် လေးသောင်းဈေး၊ ၄၀ ကျပ်သားဆိုဒ် ၃၇၀ဝ၀ ကျပ်၊ ၃၅ ကျပ်သားဆိုဒ် ၂၆၀ဝ၀ ကျပ်၊ ၂၅ ကျပ်သားနှင့် ၃၀ ကျပ်သားဆိုဒ် ၁၃၀ဝ၀ ကျပ်၊ ၂၀ ကျပ်သားဆိုဒ် ၆၅၀ဝ ကျပ်နှင့် ၁၅ ကျပ်သားဆိုဒ် ၆၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ ငါးသလောက် တစ်ပိသာ၂၅ ကျပ်သားအထက်ဆိုဒ် ၃၈၀ဝ၀ ကျပ်၊ ၉၀ ကျပ်သားဆိုဒ် ၃၄၅၀ဝ ကျပ်၊ ၉၀ သားမှ ၇၅ ကျပ်သားဆိုဒ် ၃၃၅၀ဝ ကျပ်၊ ၅၀ သားမှ ၆၀ သားဆိုဒ် ၂၂၅၀ဝ ကျပ်၊ ၃၅ ကျပ်သားနှင့် ၄၅ ကျပ်သားဆိုဒ် ၁၄၀ဝ၀ ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးတန်တစ်ပိသာလျင် ၄၀ဝ၀ ကျပ်ဈေးဖြင့် ပင်လယ်ကမ်းခြေဒိုင်များမှ ဝယ်ယူလျက်ရှိသည်။

ပင်လယ်ပြင်တွင် တစ်နှစ်ထက်တစ်နှစ် ရေသယံဇာတ လျော့ပါးလာမှုနှင့် ပတ်သက်၍ ဆယ်အိမ်တန်းကမ်းခြေ ကျေးရွာမှ ရေလုပ်သား ဦးနိုင်မိုးက “တစ်နှစ်ထက်တစ်နှစ် ပင်လယ်ပြင်ငါးရရှိမှုက နည်းလာတယ်။ အခုပင်လယ်ပြင်မှာ (၂)လက်မပိုက်နဲ့ ဖမ်းကြတော့ ငါးအသေးအကြီး အကုန်မိတယ်။ ငါးလုပ်ငန်းဦးစီးက (၄)လက်မပိုက်နဲ့ဖမ်းဖို့ သတ်မှတ်ပြီးသား။ သူဖမ်းငါဖမ်းဆိုတော့ ရေသယံဇာတ ရှားလာတယ်။ ၂ လက်မပိုက်တွေပေါ်ပြီးထဲက ငါးတွေရှားလာတာ နောင်ဆိုရင် ပိုပြီးဆိုးနိုင်တယ်။ ဒီနေ့ ပေ ၁၅၀ အတန်း ၁၅ တန်းချတာ ငါးသလောက်နှစ်ကောင်ပဲရတယ်ဟု ပြောသည်။

ရေလုပ်ငန်းဖြင့် အသက်မွေးသော ပင်လယ်ကမ်းခြေရွာများမှာ ယခုရာသီတွင် ငါးများပုံမှန်ရရှိပြီး ဝမ်းရေးအတွက် အဆင်ပြေလျက်ရှိကာ ပင်လယ်ပြင်ရေသယံဇာတ တိုးပွားလာပါက ရေလုပ်သားတို့၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်ငါးများကို ကွမ်းခြံကုန်းမှ ကြည့်မြင်တိုင်ငါးဈေးသို့ နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး