ဆူရ်ခွားမြို့သစ်နှင့် ရှေးဟောင်းဗန်ကီးယိုပြတိုက်

မင်းလပြည့် (ဟားခါး)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၊ မည်သည့်ဒေသတွင်မဆို ခမ်းနားကြီးကျယ်သည့်နယ်မြေ၊ တန်ဖိုးထားအပ်သည့် နယ်နိမိတ်၊ သဘာဝအလှတရားနှင့် အံ့ဖွယ်သောတောင်တန်းများရှိကြသကဲ့သို့ ချင်းပြည်နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ၉ မြို့နယ်ရှိပြီး မြို့ ၁၁ မြို့အား ဖွဲ့စည်းထားရှိပါသည်။ မကြာသေးမီက ချင်းပြည်နယ် ဟားခါးမြို့နယ် ဆူရ်ခွားမြို့သစ်အား ဖွင့်လှစ်ခဲ့ပါသည်။ ဟားခါးမြို့နယ် ဆူရ်ခွားမြို့သစ်တွင် ထင်ရှားသော သမိုင်းဝင် ဗန်ကီးယိုပြတိုက် ရှိနေပါသည်။

ဆူရ်ခွားမြို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ခုနှစ် မေလ ၁၆ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်၊ (၁၂၈/၂၀၁၉) ဖြင့် မြို့သစ်ကို ဖွင့်လှစ်ရန် သတ်မှတ်ခဲ့သည်။ ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ်ဆူရ်ခွားကျေးရွာ အုပ်စုအား ဆိုင်လိုသာရ်နှင့် ဆလုံပူးရပ်ကွက် နှစ်ရပ်ကွက် ပါဝင်သော ဆူရ်ခွားမြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ အမိန့်ကြော်ငြာစာအရ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနအကြီးအကဲများက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် တက်ရောက် အားပေး ဖွင့်လှစ်ပေးခဲ့ပါသည်။ ။

ဆူရ်ခွားဟူသည်မှာ “ဆင်ကျက်စားသောအရပ်” ဟု အဓိပ္ပာယ်ရကြောင်း၊ ဆလုံပူးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘီခုံးက ပြောပြခဲ့ပါသည်။ ယခင်က ကျေးရွာဖြစ်သော်လည်း နယ်ချဲ့အင်္ဂလိပ်က ကျေးရွာကို သိမ်းပိုက်ရာတွင် စော်ဘွားဖြစ်သူ ဗန်ကီးယို၏ ဖခင် ဦးမန်ကုံက မျက်နှာဖြူလူမျိုးများကို အဝင်မခံရန် ကျောက်မီးသေနတ်များဖြင့် တစ်ရွာလုံး အပြင်းအထန် ကာကွယ်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် လူအင်အား၊ လက်နက်အင်အား မမျှတသောကြောင့် နယ်ချဲ့တို့က ဆူရ်ခွားကျေးရွာကို ၁၈၉၂ ခုနှစ်တွင် သိမ်းပိုက်ခဲ့ကြပြီး တစ်ရွာလုံးမီးရှို့ခဲ့ကြသည်။

ထို့ပြင် ခေါင်းဆောင်ဖြစ်သူ ဦးမန်ကုံကို ဖမ်းဆီးခဲ့ကြသည်။ ဦးမန်ကျီ၏ သျှောင်ထုံးဆံပင်ကို ဖြေကာ မြင်းအမြီးဖြင့်ချည်၍ မြင်းကိုပြေးစေကာ၊ မြေပေါ်သို့ တရွတ်တိုက်ဆွဲ၍ လူမဆန်စွာ အပြစ်ပေးခဲ့ကြသည်။ ထိုသို့ ရက်စက်စွာပြုလုပ်မှုကြောင့် ရွာသူရွာသားများက ပုန်ကန်ထကြွမှု၊ တိုက်ခိုက်မှုမရှိစေရန် ကြောက်လန့်အောင်ပြုလုပ်ခြင်း ဖြစ်ပေသည်။ နယ်ချဲ့တို့သည် ဦးမန်ကုံကို ဖမ်းဆီးပြီး နှစ်နှစ်ကျော်သည်အထိ ပခုက္ကူအကျဉ်းထောင်သို့ ချုပ်နှောင်ထားခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျေးရွာသူ ရွာသားများက ကျောက်မီးသေနတ် ၅၀ ဖြင့် ပြန်ရွေးခဲ့သည်။ အင်္ဂလိပ်တို့က ပြန်လွှတ်ပေးပြီး ကျေးရွာကို ပြန်လည်အုပ်ချုပ်စေခဲ့သည်။

ဦးမန်ကုံမှာ အသက်ကြီးရင့်၍ သားဖြစ်သူ ဦးဗန်ကီးယို ကို စော်ဘွားအဖြစ် လွှဲပြောင်းအုပ်ချုပ်စေခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးသမားများက အကူအညီမရဟုဆိုကာ ဦးဗန်ထီးယို၏ အိမ်ကို မီးရှို့ခဲ့သည်။ ထိုနှစ်တွင်ပင် အင်္ဂလိပ်တို့က ပတ်ဝန်းကျင်ရှိ ရွာများ၏အကူအညီဖြင့် အိမ်ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ ယနေ့တိုင်ပင် ဖြစ်သည်။ ထိုအိမ်တွင် ဗန်ကီးယိုနေထိုင်ခဲ့ပြီး ယခုပြတိုက်အဖြစ် ထားရှိခဲ့သည်။ ဦးမန်ကုံမတိုင်ခင် ဆူရ်ခွားကျေးရွာကို လွတ်လပ်သောကိုယ်ပိုင်အုပ်ချုပ်ရေး၊ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေး၊ ဂျပန်အုပ်ချုပ်ရေး၊ အင်္ဂလိပ်-မြန်မာပါလီမန် အုပ်ချုပ်ရေး၊ တော်လှန်ရေး၊ ပြည်သူ့ကောင်စီအုပ်ချုပ်ရေး၊ စစ်အုပ်ချုပ်ရေး၊ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးဟူ၍ အေဒီ ၁၅၀၀ ခန့်မှစ၍ ဆူရ်ဘီးကျေးရွာ အုပ်ချုပ်ရေးမှူး စသည့် အကြီးအကဲများက စီမံအုပ်ချုပ်မှုကိုလည်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ တွေ့ရှိရပါသည်။ ။

 

mdn

 

ဦးမန်ကုံ ကွယ်လွန်ပြီးနောက် ၎င်း၏သားဖြစ်သူ ဦးဗန်ကီးယိုမှ ပြတိုက်ကို တည်ဆောက်ခဲ့ပါသည်။ စော်ဘွားပြတိုက်အိမ်ကို ဝင်မည်ဆိုပါက ပြတိုက်၏ခြံဝင်း၌ ပေ ၇၀ ခန့်ကွင်းပြင်ကို စတင်တွေ့မြင်ရမည်ဖြစ်ပါသည်။ ပြတိုက်နံဘေးတွင် လှေကားထစ်တစ်ခုရှိပြီး အပေါ်သို့ တက်ပါက ပေ ၇၀ ခန့်ရှည်သော သစ်သားဖြင့် ပြုလုပ်ထားသော ခြောက်ပေခန့်ကျယ်သည့် လူသွားလမ်းရှိသည်။ ၎င်းအပြင် စော်ဘွားအိမ်တစ်လုံးရှိပြီး အိပ်ဆောင်ခန်းဘယ်ဘက်ခြမ်းတွင် အိမ်သို့ရောက်ပြီး အပေါ်ထပ်တက်သွားပါက ကပြဖျော်ဖြေမှုကြည့်ရှုရန် ဇာတ်စင်တစ်ခုရှိသည်။ အိမ် ဧည့်ခန်းအဝင်ဝ၏ ညာဘက်ခြမ်းတွင် မြောက်မြားလှစွာသော ပြောင်ချို၊ နွားနောက်ချို၊ ဝက်ဝံ၊ တောဝက်၊ ဆတ်ချို၊ သမင်ဦးချိုများ၊ ကြေး၊ မောင်း၊ ယမ်းဘူးများ၊ လှံ၊ ကြေးခရာ များ ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသည်။

 

mdn

 

ကြေးခရာမှာ ကျေးရွာအချင်းချင်း အဆက်အသွယ်ပြု လုပ်ရာတွင်လည်းကောင်း၊ တစ်ရွာမှတစ်ရွာ ဆက်သွယ်ခြင်း၊ အောင်ပွဲများ ကျင်းပရာတွင်လည်းကောင်း အသုံးပြုရန် ထားရှိသည်။ အိမ်အတွင်းဝင်ပါက ဘယ်ဘက်ခြမ်းတွင် မီးဖိုရှိပြီး ၎င်းဘေးတွင် ခုတင်တစ်လုံးထားရှိသည်။ ၎င်းအပြင် ညီဖြစ်သူအတွက် မီးဖိုဆောင်တစ်လုံး ဆောက်ထားသည်ကိုလည်း တွေ့ရှိရသည်။ ဧည့်သည်များက မီးဖိုနံဘေးတွင် အိပ်စက်အနားယူကြကြောင်း၊ မြို့မိမြို့ဖတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ အခန်းထဲတွင် ဒန်အိုးကြီးများ၊ ကြိမ်ဖြင့် ပြုလုပ်ထားသော မောင်းများ၊ သစ်သားဖြင့် ပြုလုပ် ထားသော ပန်းကန်များ၊ ဟင်းချိုခွက်များကိုလည်း တွေ့ရှိရသည်။ အဖိုးတန်ပစ္စည်းများ မီးလောင်ကျွမ်းပျက်စီးမှုမရှိစေရန် ကြိမ်ခြင်းထဲသို့ထည့်ပြီး ငှက်ပျောပင်နှစ်ပင်ကြား၌ ရှေးလူကြီးများ သိမ်းဆည်းလေ့ရှိကြောင်း သိရှိရသည်။

မည်သူကမျှ ခိုးယူခြင်းမရှိကြောင်း ချင်းတိုင်းရင်းသားတို့၏ ရိုးသားမှုကို သိရှိရသည်။ နေအိမ်ကို ပြတိုက်သဖွယ် ပြုလုပ်ထားပြီး အောက်ခံကြမ်းခင်းမှာ တစ်ပေခွဲအကျယ် ထင်းရှူးနှင့် အခြားသစ်မာသားဖြင့် ပြုလုပ်ထားမှု ၎င်းကို ပုဆိန်ဖြင့်ခုတ်ထစ်ပြီး အောက်ခံကြမ်းခင်းအဖြစ် အသုံးပြုသည်။ မြို့အဖြစ်ဖွင့်လှစ်စဉ်တွင် တာဝန်ရှိသူများက မုခ်ဦးကို ဖွင့်လှစ်ပေးခြင်း၊ ကမ္ပည်းကျောက်စာများ ဖွင့်လှစ်၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ မြို့သူမြို့သားများက လိုအပ်သည်များ တင်ပြဆွေးနွေးရာတွင် ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ပေးမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ။

ထို့နောက် စော်ဘွားကြီး ဗန်ကီးယိုနေအိမ်ရှိ ကွင်းပြင် တွင် ချင်းရိုးရာများဖြင့် မြို့သူမြို့သားများက ကပြဖျော်ဖြေ ခဲ့ကြသည်။

မြို့ဖြစ်သည့်အထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးကြသည်။ ထို့နောက် အလှဆုံးမိန်းကလေးကို ထမ်းစင်ပေါ်တွင်ထမ်း၍ အပေါ်မြှောက်ကာ ဝိုင်းကြီးပတ်ပတ်ကကြသည်မှာ ကြည်နူးဖွယ်ရာကောင်းလှပေသည်။ ထို့နောက် လူကြီး လူငယ်များ လက်ချင်းချိတ်၍ စုပေါင်းကကြပြီး အဘိုးကြီးများက ဗုံတီးခတ်၍ ပျော်ပျော်ပါးပါး ကကြသည်မှာ ချင်းပြည်နယ်၏ ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်စေသည်။

ကြည်နူးခံစားရဖွယ်ကောင်းလှ

မြို့နံဘေးတွင် အမြင့်ပေ ၇၀၀၇ ခန့်ရှိသော ချော့ပါး တောင်မှတိုက်ခတ်လာသော လေအေးစိမ့်စိမ့်မှာ ကြည်နူးခံစားရဖွယ်ကောင်းလှသည်။ တောင်တန်းများမှာ ဆင်နှာမောင်းသဏ္ဌာန်ပုံစံဖြင့် ကြည့်ရှုရသည်မှာ လှပ လွန်းလှသည်။ မြို့အဝင် တွေပါးတောင်တန်းမှာ ၉၀၀၇ ပေခန့်မြင့်ပြီး မြို့ အနီး ချော့ပါးတောင်တန်းမှာ ပေ ၂၀၀၀ ခန့် ကွာခြားနေမှုကို သိရသည်။ ဆူရ်ခွားမြို့သစ် အိမ်ခြေ မှာ ၄၃၀ ခန့်ရှိပြီး လူဦးရေစုစုပေါင်း ၁၈၀၀ ခန့်နေထိုင် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယခင် ၁၉၆၆ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဆူရ်ခွားကျေးရွာ အုပ်စုအား မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့ပြီး လက်ထောက် မြို့ပိုင်ရုံးစိုက်ကာ ရာဘက်တရားသူကြီးအဖြစ် လက်ထောက်မြို့ပိုင်တစ်ဦးအား အုပ်ချုပ်စေခဲ့သည်။ ဆူရ်ခွားမြို့ သည် ၁၉၂၂ ခုနှစ်တွင် အစိုးရမူလတန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် အစိုးရအလယ်တန်းကျောင်း၊ ၁၉၉၁ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း၊ ၁၉၇၈ ခုနှစ်တွင် တိုက်နယ်ဆေးရုံတို့အား ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဆူရ်ခွားကျေးရွာအုပ်စုအား မြို့အဖြစ် ဖွင့်လှစ်ပြီးပါက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်း၊ တိုက်နယ်ဆေးရုံ၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စုစုပေါင်း ဌာနပေါင်း ၁၇ ဌာနကို ဖွင့်လှစ်ရန် လျာထားပြီး ယခုလက်ရှိ စုစုပေါင်း ငါးဌာန ဖွင့်လှစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆူရ်ခွားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၂၅၂ ကျပ်သန်းဖြင့် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦတစ်လုံး၊ မြို့အုပ်ချုပ်ရေးမှူးနေအိမ် အဆောက်အဦတစ်လုံး၊ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာအဆောက်အဦ တစ်လုံးတို့ကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ ဆူရ်ခွားမြို့သည် မြို့ဧရိယာ ၂၅၉၇၃ ဧကရှိပြီး စလုံပူးရပ်ကွက်နှင့် ဆိုင်လိုသာရ်ရပ်ကွက် နှစ်ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ မြေအသုံးချမှုအနေဖြင့် မြို့မြေဧရိယာ ၂၅၉၇၃ ဧကအနက် လယ်မြေ ၉၆ ကေ၊ ဥယျာဉ်ခြံမြေ ဧက ၃၀၊ တောင်ယာမြေ ၁၂၆၂၇ ဧက၊ မြေရိုင်း ၁၁၇၈၁ ဧက၊ လမ်းမြေ ၅၅ ဧက၊ မြစ်ချောင်းနှင့်ရေအောက်မြေ ဧက ၁၂၀၊ အင်းအိုင်မြေ ခုနှစ် ဧက၊ ရွာမြေ ဧက ၈၀၊ သာသနာနှင့် သုသာန်မြေ ခြောက် ဧက၊ အခြားမြေ ဧက ၇၀၀ တို့ဖြင့် ပါဝင်ဖွဲ့စည်းထား ရှိသည်။

ဆူရ်ခွားမြို့သည် မြောက်ဘက်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ဟားခါး - မတူပီလမ်းမကြီးပေါ်တွင် တည်ရှိကာ ဟားခါးမြို့နှင့် မိုင် ၅၀၊ မတူပီမြို့နယ် ရေဇာမြို့ နှင့် ၅၅ မိုင် ကွာဝေးလျက်ရှိသည်။ မြို့နယ်ချင်းဆက်လမ်းများ အဆင့်မြင့် တိုးမြှင့်ဆောင်ရွက်နိုင်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့ ဖြစ်လာမည်ဖြစ်သည်။ ဟားခါးမြို့မှ မိုင် ၅၀ ခန့်ကွာဝေးသော်လည်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများမှာ ကောင်းမွန်ပြီး တောင်စွယ်တောင်တန်းများ၊ လမ်းအကွေ့အကောက်များ၊ ထင်းရှူးတောင်တန်းကြီးများကို လမ်းတစ်လျှောက်တွင် တွေ့မြင်ရသည်။ ဆူရ်ခွားမြို့မှ ဆက်သွားပါက ရေမြို့၊ မတူပီမြို့၊ မင်းတပ်မြို့နှင့် ပလက်ဝမြို့နယ်များသို့ သွားနိုင်သည်။ ဆူရ်ခွားမြို့နှင့်မလှမ်းမကမ်းတွင် ဖိုင်စောင်းရွာ၊ လုံရမ်ရွာတို့က တြိဂံပုံသဏ္ဌာန်ဖြင့် ဝန်းရံထားသည်ကိုလည်း တွေ့မြင်ရသည်။ ဆူရ်ခွားမြို့နံဘေးတွင် ဝင်းမှည့်နေသော စပါးခင်းများ၊ တောင်ယာလှေကားထစ် စိုက်ခင်းများကိုလည်း အဝေးမှတွေ့မြင်ရသည်မှာ ကဗျာဆရာများကဲ့သို့ စာဖွဲ့၍မမီနိုင်မည်မှာ သေချာလှသည်။

စည်းလုံးညီညွတ်မှုရှိ ဦးဗန်ကီးယိုပြတိုက်အပြင် အထက်တန်းကျောင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများအပါအဝင် အစိုးရဌာနအသီးသီး ဖွဲ့စည်းခဲ့ရာ မြို့အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။ ဆူရ်ခွားမြို့သည် စည်းလုံးညီညွတ်မှုရှိခြင်း၊ မြို့တည်နေရာအချက်အချာကျခြင်း၊ လမ်းပန်း ဆက်သွယ်ရေးလွယ်ကူခြင်းတို့ကြောင့် လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမည့်မြို့တစ်မြို့ဖြစ်လာရန် မြို့မိမြို့ဖများမှာ အနာဂတ်အိပ်မက် မက်လျက်ရှိကြသည်။ အမှန်တကယ်လည်း ဖြစ်လာနိုင်ပေသည်။ ဆူရ်ခွားမြို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရှေးဟောင်းဗန်ကီးယိုပြတိုက်သို့လည်း ဧည့်သည်တော်များ၊ ကမ္ဘာလှည့်ခရီးသည်များ၊ ခရီးသွားသူများ တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှပေသည်။

ကြေးမုံ