ဆူဇူကီးဖလားပြိုင်ပွဲ ဒီဇင်ဘာ ၅ ရက်စတင်မည်ဖြစ်ပြီး ပထမနေ့တွင် မြန်မာနှင့် စင်ကာပူ၊ တီမောနှင့် ထိုင်း ယှဉ်ပြိုင်မည်

ဒီဇင်ဘာ ၃

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်တွင် စင်ကာပူနိုင်ငံ၌ စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲပထမနေ့တွင် မြန်မာနှင့် စင်ကာပူ၊ တီမောနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းကျင်းပရခြင်းဖြစ်သည်။

ပြိုင်ပွဲပထမနေ့အဖြစ် ဒီဇင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် တီမောအသင်းနှင့် ထိုင်းအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် မြန်မာနှင့် အိမ်ရှင်စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေသဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ပွဲတိုင်းအရေးပါလျက်ရှိသည်။ အုပ်စုပွဲများကို တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာပါဝင်သော အုပ်စု(က)ပွဲစဉ်များကို အမျိုးသား အားကစားကွင်း၊ အုပ်စု(ခ)ပွဲစဉ်များကို ဘစ်ရှန်ကွင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု(က)တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။  မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲကစားရမည့် စင်ကာပူအသင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ၂၀၁၄ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး လေးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဆူဇူကီးဖလားပြိုင်ပွဲ၌ တွေ့ဆုံခြင်းဖြစ်ပြီး ဖိတ်ခေါ်ပြိုင်ပွဲများနှင့် ခြေစမ်းပွဲများတွင်သာ တွေ့ဆုံခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လက နောက်ဆုံးတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုယှဉ်ပြိုင်မည့် စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်းတွင် ခြေစမ်းပွဲကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲအတွက် အောက်တိုဘာလဆန်းပိုင်းတွင် စတင်လေ့ကျင့်ခဲ့ပြီး အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလကုန်ပိုင်းအထိ တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ  - beritasatu