ဆံပင်အလှအပဆိုင်ရာ မစ္စတာနှင့် မစ္စ ပြိုင်ပွဲကျင်းပ

ဆံပင်ပညာရှင် ကိုချန်လုံး ဦးစီးပြီး Dcash ရှမ်ပူနှင့် ပူးပေါင်းကာ Mister & Miss Beauty 2020 Alter- native Hair Show ပြိုင်ပွဲကို ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် အမှတ်(၈) ရပ်ကွက်ရှိ Best 149 ကုမ္ပဏီ ခန်းမ၌ ဒီဇင်ဘာ ၉ ရက်က ကျင်းပပြုလုပ်ခဲ့သည်။


"ဒီပွဲကြီးကတော့ ဆံပင် ပညာဒါန အခမဲ့ သင်ကြားပေးခြင်းနဲ့အတူ International Hair Beauty Myanmar က ဦးဆောင်ပြီး ကျွန်တော်တို့ Mister & Miss ပြိုင်ပွဲကိုပါ တစ်ခါတည်း ပူးတွဲကျင်းပ ပြုလုပ်တဲ့ ပြိုင်ပွဲပါ၊ ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်များ အဖြစ် မစ္စတာ ၂၇ ဦးနဲ့ မစ် ၁၇ ဦး လာရောက် ယှဉ်ပြိုင်ကြပါတယ်၊ ရွေးချယ်တဲ့နေရာမှာလည်း မြို့နယ်အလိုက်နဲ့ နယ်မြို့တွေမှာရှိတဲ့ လူငယ်တွေကို သေချာစိစစ်ရွေးချယ်ပြီး ခေါ်ထားတာပါ၊ International Hair Beauty Myanmar ကနေ Mister & Miss တွေ ပေါ်ထွန်းလာရေးကို ရည်ရွယ်ပြီး ကျင်းပခဲ့တာပါ၊ ပြီးတော့ ဒီပွဲမှာ ထိုင်းနိုင်ငံနဲ့ ဆွစ်ဇာလန် နိုင်ငံက ဆံပင်ပညာရှင်တွေကလည်း ဆံပင်ပညာ ပညာဒါနအဖြစ် လာရောက်ပြသပေးမှာပါ၊ အဲဒါကတော့ Dcash က ဖိတ်ခေါ်ပြီး မြန်မာပြည်က လူငယ်တွေအတွက် အခမဲ့ ဆံပင်ပညာဒါနအဖြစ် သင်ကြားပို့ချတာဖြစ်ပါတယ်။ ဆံပင်ပညာဒါနပွဲကိုတော့ မရမ်းကုန်းမြို့နယ်က ဂန္ဓမာဟိုးဆေးမှာ ကျင်းပခဲ့ပါတယ်"ဟု ကိုချန်လုံးက ပြောသည်။


ပြည်တွင်းပြိုင်ပွဲအချို့မှ Mister & Miss များ အနေဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်အပြီးတွင် အနုပညာ လောကအတွင်း အသက်မွေးဝမ်းကျောင်းအဖြစ် ရှင်သန်ရပ်တည်မှုတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍လည်း ကိုချန်လုံးက "အဓိက ပြောချင်တာကတော့ ပြည်တွင်းမှာ အရည်အချင်းမရှိတဲ့ ပွဲလုပ်တဲ့သူတွေကြောင့်လို့ ဦးစွာ ပြောပါရစေ၊ အလှမယ်လေးတွေ သွားပြိုင်တဲ့အခါ သူတို့စရိတ်နဲ့သူတို့ သွားရတာမျိုးတွေရှိတယ်၊ နောက်ပွဲလုပ်တဲ့သူတွေက အရည်အချင်းနည်းတဲ့ အလှမယ်တွေကို ရွေးချယ်ပြီး စေလွှတ်ကြတယ်၊ ငွေကြေးကြောင့်လည်းပါတယ်၊ ပွဲဖြစ်ရင်ပြီးရောဆိုတဲ့ စီစဉ်သူတွေကြောင့် အနုပညာလောကထဲမှာ မရပ်တည်နိုင်ကြသလို ပြည်ပသွားပြိုင်တဲ့အခါမှာလည်း အရည်အချင်းမပြည့်ဝတဲ့ အလှမယ်တွေကြောင့် ကျွန်တော်တို့နိုင်ငံက အလှမယ်လောကမှာ နေရာရသင့်သလောက်မရဘူး"ဟု သုံးသပ်ပြောကြားသည်။

ကိုလင်း