ဆန်နှင့် ဆန်ကွဲဈေးနှုန်းများ အတက်ဈေးဘက်သို့ ဦးတည်နေ

မန္တလေး  ၄  ဖေဖော်ဝါရီ

 

တရုတ်နှစ်သစ်ကူးတွင် ဆန်နှင့် ဆန်ကွဲဈေးနှုန်းများ ကျမည်ဟု ခန့်မှန်းထားသော်လည်း အတက်ဈေးဘက်သို့ ဦးတည်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

 

“ကျွန်တော်တို့ ခန့်မှန်းထားတာက ပုံမှန်နှစ်တွေဆိုရင် တရုတ်နှစ်သစ်ကူးဆိုတော့ ဆန်ဈေးကျမယ်လို့ ခန့်မှန်းထားတယ်။ အဲအခြေနေမျိုးမှာ တရုတ်က ကိုရိုနာဗိုင်းရပ်ဖြစ်တဲ့အတွက် တရုတ်ကုန်သည်တွေကလည်း ဆန်တွေဝယ်စုတယ်။ ပြီးတော့ ပင်လယ်ရေကြောင်းက ရောင်းတဲ့ ကုန်သည်ကြီးတွေကလည်း စာချုပ် ချုပ်ထားတဲ့အတွက် ဆန်တွေ အလုအယက် ဝယ်နေကြတယ်။ ပြောင်းပြန်အချိုးဖြစ်သွားတာပေါ့” ဟု မန္တလေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

 

ဇန်နဝါရီအတွင်း ဆန်တစ်အိတ်လျှင် ၂၀ဝ၀ ကျပ် ဈေးတက်ကြောင်း၊ ဆန်ကွဲ တစ်အိတ်လျှင် ငွေကျပ် ၅၀ဝမှ ၁၀ဝ၀ အထိ ဈေးနှုန်များတက်ကြောင်းနှင့် တရုတ်နှင့် မြန်မာနိုင်ငံ ဆန်တင်ပို့ရောင်းချခွင့် ရရှိသည့် ကုမ္ပဏီမှာ ၁၁ခုရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

 

“ဆန်ရောင်းထားတဲ့ အခြေနေကလည်း များတယ်။ ပြီးတော့ တရုတ်ကလည်း ဝယ်ပြီဆိုတဲ့အချိန်ကြရင် အင်တိုက်အားတိုက် ဝယ်မယ်လို့ ခန့်မှန်းမိတယ်။ နွေစပါးပေါ်လာရင်လည်း ရောင်းထားတဲ့အင်အားနဲ့ စပါးပေါ်မယ့် အင်အားနဲ့က ရောင်းထားတာက ပိုများချင်တောင် များနေမယ်ပေါ့။ တရုတ် ဗိုင်းရပ်ရောဂါ ကြောင့် ဆုံးရှုံးနစ်နာမှု အများကြီးမရှိနိုင်ပါဘူး။ အစိုးရထုတ်ပြန်ထားတဲ့ စပါးဈေး ၅သိန်း ကြမ်းခင်းဈေး ဆိုတာကလည်း ဒီနှစ်ထဲမှာ ရောက်စရာတော့ မရှိတော့ဘူး” ဟု မန္တလေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ဆက်လက်ပြောသည်။

 

မြန်မာနိုင်ငံတွင် နွေစပါး၊ သီးထပ်နွေစပါး၊ မိုးကြိုစပါးနှင့် မိုးစပါး စသည်ဖြင့် စိုက်ပျိုးကြပြီး မိုးစပါးကို အများဆုံး စိုက်ပျိုးကြကြောင်း၊နွေစပါးကို ဒုတိယအများဆုံးစိုက်ပျိုးကြပြီး မိုးကြိုစပါးကို နေရာဒေသ နည်းနည်းတွင်သာ စိုက်ပျိုးကြကြောင်းနှင့် တရုတ်နိုင်ငံကို ပေါ်ဆန်းမွှေး၊ မဂျမ်းတော၊ ဧရာမင်းစသည့် ပြည်တွင်းစားသုံးနေသည့် ဆန်များမှ လွဲ၍ ကျန်ဆန်အမျိုးအစား အားလုံးနီးပါး နှင့် ဆန်ကွဲများလည်း တင်ပို့ရကြောင်း သိရသည်။

 

တင်ဇာလှိုင်