ဆင်ဖြူကျွန်းမြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် အာလူးကိုစီးပွားဖြစ်စိုက်ပျိုးနေ

 

ဆင်ဖြူကျွန်း ၁၄ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ဒေသတစ်ဝိုက် ဖြတ်သန်းစီးဆင်းလျက်ရှိသော စလင်းချောင်းရိုးတစ်လျှောက် နုန်းတင်မြေနုကွင်းပြင်များနှင့် ဧရာဝတီမြစ်ကမ်းဘေး ကိုင်း၊ ကျွန်းမြေများတွင် ဒေသခံတောင်သူများမှ ဆောင်းသီးနှံအဖြစ် အာလူးကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ဒီဒေသမှာတော့ အာလူးစိုက်ပျိုးမည့်မြေကို နိုဝင်ဘာလဝက်လောက်မှာစပြီး မြေညှိထယ်ရေးပြင် ပေါင်းမြက် ရှင်းလင်းပြီး ပထမ ခံရေသွင်းပါတယ်၊ ရေသွင်းပြီး တစ်ပတ်အတွင်း မျိုးအာလူးများကို စစိုက်ပါတယ်၊ စိုက်ပျိုးပြီး (၃)ရက်အတွင်း စိုက်ကြောင်းပေါ်ကို ထွန်ခွပြီး သံဓါးထိုး ရေလမ်းကြောင်းဖေါ်ပါတယ်။ ရက်(၂၀)အတွင်း အပင်ပေါက်ပေါ်အောင် ရေ (၂)ကြိမ်ထပ်သွင်းပါတယ်၊ အပင်ပေါက် တစ်လသားအရွယ်မှာ လိုအပ်တဲ့ မြေဩဇာသုံး၊ ဆေးဖြန်း၊ ပေါင်းမြက်ရှင်းလင်း၍ အာလူးအပင်ပေါက် နှစ်လခွဲထိ (၁၀)ရက်ခြား ရေ (၇)ကြိမ်သွင်းပြီး ရေဖြတ်ပါတယ်၊ ဒီနောက်မှာတော့ စစိုက်ရက်မှ (၉၅)ရက်အတွင်း အာလူးတွေဖော်ပြီး ဈေးကွက်ကို တင်ပို့ရောင်းချပါတယ်” ဟု နတ်စင်ကျေးရွာမှ အာလူးစိုက်တောင်သူ ဦးသန်းအေးမှ ပြောကြားသည်။

 

7

 

ဆင်ဖြူကျွန်းဒေသတွင် အများအားဖြင့် မားကီး(နယ်သာလန်)၊ အိန္ဒိယပန်းဖြူ(ကူဖီဂျူတီ)၊ တရုတ် အာလူးမျိုး စသည့် မျိုးကောင်းမျိုးသန့်များကိုသာ ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ တရုတ်ပြည်နယ်စပ်နှင့် ရန်ကုန်မြို့များမှ မှာယူစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးအာလူး ပိဿာချိန် ၆၅၀ မှ ၇၀၀ ထိ တန်းဝင်စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်း ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ ထိထွက်ရှိကြောင်း၊ မားကီး (နယ်သာလန်) မျိုးအာလူးမှာ တစ်ဧကစိုက်ပျိုးစရိတ် ကျပ် ၂၂ သိန်းဝန်းကျင်ကုန်ကျ၍ အိန္ဒိယပန်းဖြူ (ကူဖီဂျူတီ) မှာ တစ်ဧကစိုက်ပျိုး စရိတ်ကျပ် ၂၀ သိန်းနှင့် တရုတ်မျိုးမှာကျပ် ၁၇ သိန်းခန့် ကုန်ကျကြောင်း ဒေသခံ အာလူးစိုက်တောင်သူကြီးများ ထံမှသိရသည်။

 

ယခင်နှစ်က မားကီးအာလူး တစ်ပိဿာလျှင်ကျပ် ၉၀၀ မှ ၁၁၀၀ ထိ၊ အိန္ဒိယပန်းဖြူ တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၇၀၀ ထိ၊ တရုတ်အာလူးကို တစ်ပိဿာလျှင်ကျပ် ၄၀၀ မှ ၆၅၀ ထိဈေးရရှိခဲ့ပြီး မန္တလေး၊ ကျောက်ပန်းတောင်း၊ မိထ္တီလာနှင့် ရန်ကုန်မြို့ ဘုရင်နောင် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် ဆင်ဖြူကျွန်းဒေသတွင် အာလူးကိုဧက ၁၀၀၀ ကျော်စိုက်ပျိုးထားကြောင်း ဆင်ဖြူကျွန်းမြို့ အာလူးစိုက် တောင်သူများအဖွဲ့ ထံမှသိရသည်။

 

စိုးမိုးသူ(စလင်း)