ဆင်ဖြူကျွန်းမြို့ ရွှေကျွန်းဆည်းဆာ ဂိလာနအဘိုးအဘွားစောင့်ရှောက်ရေးဂေဟာ မကြာမီဖွင့်လှစ်မည်

ဆင်ဖြူကျွန်း ၂၇  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့တွင် တည်ဆောက်လျှက်ရှိသော ရွှေကျွန်းဆည်းဆာ ဂိလာန အဘိုးအဘွားစောင့်ရှောက်ရေးဂေဟာ အဆောက်အဉီ ဆောက်လုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ မကြာမီဖွင့်လှစ်၍ ဒေသတွင်းရှိ ခိုကိုးရာမဲ့ ဂိလာန အဘိုးအဘွားများအား ပြုစုစောင့်ရှောက်မှုပေးသွားမည် ဖြစ်ကြောင်း ဂိလာနအဘိုးအဘွား စောင့်ရှာက်ရေးဂေဟာ ပေါ်ပေါက်လာရေး စတင်တည်ထောင်သူ ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာကျော်ထက်အောင်ထံမှ သိရသည်။

 

523

 

ဂေဟာအဆောက်အဉီ ဆောက်လုပ်ရန်အတွက် ဆင်ဖြူကျွန်းမြို့ ဆုတောင်းပြည့်ဆရာတော် ဉီးဇနိန္ဒမှ မြေနေရာ ၁.၅ ဧကလှူဒါန်းပြီး စေတနာရှင်အများပြည်သူလှူဒါန်းငွေကျပ်သိန်း ၇၀ဝ ဖြင့် အလျား ၉၆ ပေ၊ အနံ ပေ ၃၀ ၊ အမြင့် ၁၂ ပေ သွပ်မိုး သံဖရိန်အုတ်ညှပ်ကြွေပြားခင်း၊ကြွေပြားကာတစ်ထပ်ခန်းမ တစ်ဆောင်၊ တစ်ဆက်တည်း အလျား ၄၈ ပေ၊ အနံပေ ၃၀ ၊ အမြင့် ၁၂ ပေရှိ ဂေဟာဝန်ထမ်းများ နေထိုင်ရန်နှင့် ဧည့်ခန်းမတစ်ဆောင်၊ ပေ ၃၀ ပတ်လည်စားဖိုဆောင်တစ်လုံး၊ ရေဂါလန် ၅၀ဝ ဆံ့ရေစင်တစ်ခု၊ ရေချိုးခန်း အိမ်သာတွဲလျှက် ၂  လုံး ဆောက်လုပ်ပြီးဖြစ်သည်။

 

568

 

 “ကျွန်တော်တို့ ယခုလို ဂိလာနအဘိုးအဘွားစောင့်ရှောက်ရေးဂေဟာတည်ထောင်ရတဲ့ ရည်ရွယ်ချက်က တော့ စောင့်ရှောက်သူကူကယ်ရာမဲ့ဂိလာနအဘိုးအဘွားများ၏ ကျန်ရှိသည့် ဘဝနောက်ဆုံးနေ့ရက် များကို ကျန်းမာပျော်ရွှင်လုံခြုံစိတ်ချစွာ တရားဓမ္မများဖြင့် ကုန်ဆုံးသွားစေရန် ဖြစ်ပါတယ်။ ဒေသအတွင်းရှိ အသက် ၇၅ နှစ်နှင့်အထက် ဆွေးမျိုးရင်းချာစောင့်ရှောက်မှုမရှိသူ၊ ဒုက္ခိတဘဝ ရောက်နေသူ အဘိုးအဘွားများအား လူမျိုးမရွေး၊ ဘာသာမရွေး လက်ခံသွားဖြစ်ကြောင်း၊ စိတ်ရောဂါနှင့် ကူးစက်ရောဂါ ခံစားနေရသူဖြစ်ပါက ဉီးစွာရောဂါ ပျောက်ကင်းအောင် ကုသပြီး နောက်ပိုင်း ဂေဟာသို့ ခေါ်ယူစောင့်ရှောက်မည် ဖြစ်ပါတယ်။ ဂေဟာအတွင်း ချမှတ်ထားစည်းကမ်းများကို လိုက်နာနိုင်သူ ၂၀ ကို ကနဉီးစတင်လက်ခံ၍ စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ် ဟု ဒေါက်တာ ကျော်ထက်အောင်မှ ပြောသည်။

 

25

 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂေဟာအတွက် ထောက်ပံ့ လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ပြီး အဆိုပါ ရွှေကျွန်းဆည်းဆာဂိလာနအဘိုးအဘွားဂေဟာအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

 စိုးမိုးသူ(စလင်း)