ဆင်ခြင်ပွားများ တိုးပွားကျက်သရေ

ဆီမီးရောင်ရှိန်ထိန်လင်းသည့် သီတင်းကျွတ်ပွဲတော်သည် မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော် များတွင် မင်္ဂလာအပေါင်း နှင့်ပြည့်စုံသည့်ကြီး ကျယ် မြင့်မြတ်သောပွဲတော်ဖြစ်သည်။ သီတင်းကျွတ် လဆန်း ၁၄ ရက်မှ သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပသော ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို အလေးဂရုဓမ္မပြု၍ ထိန်းသိမ်း မြှင့်တင် ဆောင်ရွက်ကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

ရှေးမြန်မာအဆက်ဆက်တို့လက်ထက်မှ ယနေ့ထက်တိုင် သီတင်းကျွတ်ကာလသို့ ရောက်လေတိုင်း မြတ်ဗုဒ္ဓကိုရည်မှန်းလျက် အစဉ်အလာမပျက် ဆီမီးလျှံတို့ဖြင့် ပူဇော်ခြင်းသာမက ပွဲလမ်းသဘင်၊ ရုပ်စုံသဘင်၊ ပျော်ပွဲ သဘင်များကို မိမိတို့ရိုးရာမပျက် အမျိုးမျိုးအဖုံဖုံကျင်းပခဲ့ကြသည်။ မြန်မာပြည်တစ်ဝန်း ဆီမီးရောင်ရှိန် ထိန်ထိန်ထွန်းလင်းပူဇော်ခြင်းကို ပြုလုပ်ကြသော ပြည်သူ ပြည်သား များ၏ နှလုံးစိတ်ဝမ်း ကြည်နူးရွှင်လန်းမှုများနှင့် ဆီမီးရောင်အလှတရားများမှာ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှပါ ပေသည်။

သီတင်းကျွတ်လ ရိုးရာအစဉ်အလာများသည် နှလုံးစိတ်ဝမ်းရွှင်လန်း စေသလိုအဘိဓမ္မာတရား တော်များ ကိုနာကြားရခြင်း၊ ပဋ္ဌာန်းဒေသနာ တော် များကို တစ်ခဏမျှ ရိုရိုသေသေနာကြားရခြင်း တို့သည် ထူးကဲသော ကုသိုလ် များကို ရရှိစေနိုင်ပါသည်။ ပဋ္ဌာန်းတရားတော်များကို သုံးသပ်နာ ယူခြင်းဖြင့် မျက်မှောက်၊ ချက်ချင်း၊ အခါမလပ် ကောင်းကျိုးချမ်းသာ များကိုရရှိစေနိုင်သည်ဟု ကျမ်းဂန်များတွင် ညွှန်းဆိုထားပါသည်။

သီတင်းကျွတ်လပြည့်၏ အဓိကအနှစ်သာရတွင် လူတို့အတွက် ပူဇော်မှုကို ပြုလုပ်ခြင်းသာမက ရဟန်းတော်တို့အတွက်မူ မြတ်စွာဘုရားရှင်၏ အဆုံးအမနှင့်အညီ သီတင်းကျွတ်ကြသည်ကို အလေးအမြတ်ပြုကြရ မည်ဖြစ်သည်။ ရဟန်းတော်တို့ သီတင်းကျွတ်သည်မှာ လူတို့ကျွတ်သကဲ့ သို့မဟုတ်၊ ပဝါရဏာပြုပြီးမှ ကျွတ်ကြရပြီး ဝါတွင်းသီတင်းကို ပဝါရဏာ ပြုခြင်းဖြင့် ကျွတ်လွတ်စေလေသည်။

သီတင်းကျွတ်လပြည့်သောအခါ ရဟန်းတို့သည် အညီအညွတ် စည်းဝေးကြ၍ ထေရ်စဉ်အလိုက် "ငါ့ရှင်တို့ (အရှင်တို့)သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် ကျွန်ုပ်တို့အား အစဉ်သနားခြင်းကိုအကြောင်းပြု၍ ပြောဆိုကုန်လော့။ မြင်သည် ရှိသော် ကုစားပါအံ့"ဟု ပဝါရဏာပြုကြသည်။ ဝါတွင်းကာလ ရဟန်းတို့ အညီအညွတ်ချမ်းသာစွာ နေခြင်း၏အကျိုးနှင့်အပြစ်တို့ကို ပြန်လည်သုံး သပ်ထောက်ရှုပြီး ထေရ်စဉ်အလိုက် ပဝါရဏာပြု ကြခြင်းသည် မြတ်စွာ ဘုရားရှင်၏ အဆုံးအမနှင့်အညီ ကောင်းသောမင်္ဂလာအမှုကို ပြုလုပ်ကြ ခြင်းဖြစ်သည်။

 

လူတို့အနေဖြင့်မူ သီတင်းကျွတ်အခါကာလတွင် လူကြီး၊ မိဘ၊ ဆရာ သမားများနှင့် သက်ကြီးဝါကြီး များ အား ပူဇော်ကန်တော့ကြရာတွင် မိမိတို့ အနေဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ပြစ်မှား စော်ကားမိ ခဲ့သည် ရှိသော် အပြစ်မှကျေအေးရန်၊ သည်းခံရန်၊ ခွင့်လွှတ်ရန် တောင်းပန် ကန်တော့ ခြင်းဖြစ်သည်မှာ မှန်သော်လည်း ရဟန်းတို့ကဲ့သို့ တညီတညွတ်တည်း ထေရ်စဉ်အလိုက်၊ ဝါစဉ်အလိုက် ကန်တော့ခြင်း၊ တောင်းပန်ခြင်း၊ အညီ အညွတ်ပြုလုပ်ခြင်းမျိုးမဟုတ်။ သဒ္ဓါတရားရှိသူရှိ သလောက်၊ အစဉ်အလာရှိသူ ရှိသလောက် လုပ်ရိုးလုပ်စဉ်ပြုလုပ်ကြခြင်း သဘော ဖြစ်သည်။

အမှန်တကယ်တွင် လူတို့အနေဖြင့် သီတင်းကျွတ်ကာလ၌ ရဟန်းတို့ကဲ့သို့ တောင်းပန်သည့်အမှုကို အညီအညွတ်ပြုနိုင်မည်ဆိုလျှင် သင့်မြတ်လှ၏။ အတိုင်းထက်အလွန်ဖြစ်၏။ မပြုနိုင်ဖွယ်ရာလည်း ရှိနိုင်မည် မထင် မိ။ မိမိတို့၏ စိတ်ထား နှလုံးသားတို့ကို ဆင်ခြင်တည့်မတ် ပေးရန် သာ လိုရင်း ဖြစ်၏။ အကယ်၍ ပြုနိုင်ကြမည်ဆိုပါလျှင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအဖို့ ကျက်သရေမင်္ဂလာ အဖိုးမဖြတ်နိုင်အောင် တိုးတက်လာ မည်ဟု ယုံကြည်ပါကြောင်း။ ။

 

he