ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းမှန်ကန်ရေးကို အလေးထားဆောင်ရွက်ပေးကြရန် ဝန်ကြီးချုပ် တိုက်တွန်း

မန္တလေး ၁၃ ဩဂုတ်

 

အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းမှန်ကန်ရေးကို အလေးထား ဆောင်ရွက်ပေးကြရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းလိုက်သည်။

 

ယနေ့မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ပြုလုပ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ တိုက်တွန်း ပြောကြားခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ဥပဒေအရ ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို မိမိတို့အနေဖြင့် စွက်ဖက်ခြင်းမရှိဘဲ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

 

“ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအတွက်အရေးကြီးပါတယ်၊ လွတ်လပ်ပြီး တရားမျှတ သန့်ရှင်းတဲ့ရွေးကောက်ပွဲတစ်ခုကို ဖော်ဆောင်ပေးနိုင်တာဟာ ရွေးကောက်ပွဲကြီးကို အောင်မြင်အောင် ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းအသီးသီးအတွက်လည်း ဂုဏ်သိက္ခာဖြစ်ပါတယ်၊ မဲပေးခွင့်ရှိသူတွေ အားလုံးကို မဲပေးနိုင်တဲ့အခွင့်အရေးတစ်ခု ဝိုင်း၀န်းဖော်ဆောင်ပေးရမှာပါ၊ မဲဆန္ဒတွေအမှန်အကန်ဖြစ်ရေး မဲပေးသူတွေမကျန်ရစ်အောင် ပံ့ပိုးကူညီသူတစ်ဦးအနေနဲ့ ပြောခြင်းဖြစ်ပါတယ်၊  ဌာနတွေကလည်း ဝိုင်းကူညီမှဖြစ်မှာပါ၊ ၀တ်ကျေတန်းကျေထက်စာရင် နိုင်ငံသားတွေရပိုင်ခွင့်ကို ဖော်ဆောင်ပေးတယ်ဆိုတဲ့ဆန္ဒလည်း ရှိနေရမယ်၊ ဒီမိုကရေစီတည်ဆောက်ရေးမှာ တတ်နိုင်တဲ့ဘက်က တာ၀န်ရှိတဲ့အချိန်မှာ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ပြောသည်။

 

မဲဆန္ဒရှင်စာရင်းကို ပြည်သူများ လာရောက်ကြည့်ရှုပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို သေချာစွာဂရုစိုက် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ပြုပြင်ပြီး ဆန္ဒရှင်စာရင်းများ မှားယွင်းမှုမရှိစေရေး စစ်ဆေးကြဖို့လိုကြောင်း၊ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာချိန်တွင် ပထမအကြိမ်က တောင်းဆိုသူများ မဲစာရင်းတွင် ပါဝင်စေရန်၊ ကန့်ကွက်သူများ စာရင်းတွင် နုတ်ပယ်ပြီးဖြစ်စေရန်၊ ပြင်ဆင်သူများမဲစာရင်းတွင် ပြင်ဆင်ပြီးဖြစ်စေရန် အထူးအလေးထား ဆောင်ရွက်ကြဖို့လိုကြောင်း လည်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

 

“မဲစာရင်းတွေမကျန်ဖို့ အရေးကြီးပါတယ်၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ပြည်သူရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်၊ နိုင်ငံတကာက စောင့်ကြည့်နေမယ့်အချိန် ကိုဗစ်ကာလကြီးမှာ အောင်မြင်အောင်စွမ်းဆောင်ရမှာပါ၊ အောင်မြင်နေတဲ့ ကိုဗစ်ထိန်းချုပ်မှုကိုဆက်ပြီးသွားရင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံသူနိုင်ငံသားအားလုံး မဲပေးခွင့်ရအောင် စွမ်းဆောင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟုလည်း ပြောကြားသည်။

 

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရှိန်၊ တိုင်းဒေသကြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လူဦးရေနှင့် မဲစာရင်းပြုစုခြင်းကိစ္စရပ်များကို ရှင်းလင်းပြီး တက်ရောက်လာသူများက မိမိတို့နှင့်သက်ဆိုင်သည်များကို အကြံပြုတင်ပြကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်က ကျေးရွာ၊ ရပ်ကွက်များတွင်လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန် ဟန်းစပီကာ အခုရေ သုံးထောင်ကျော်ကို ပေးအပ်ရာ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံကြသည်။

 


မန္တလေးတိုင်းဒေသကြီးတွင် ယခုကြေညာထားသည့် မဲဆန္ဒရှင် စာရင်းမှာ ၄၅၇၈၈၁၃ ဦးဖြစ်ပြီး ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၁ ရက်အထိကာလအတွင်း ကြည့်ရှုသူ ၁၂ သိန်းခန့်ရှိကာ  ၃ ဒသမ ၂၆ ရာခိုင်နှုန်းသည် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်ကြသူများဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)