ဆလုံတိုင်းရင်းသားများသို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

ကော့သောင်း ၇   အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဆလုံတိုင်းရင်းသားများသို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသုံးပစ္စည်းများ လွဲပြောင်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင်ပြုလုပ်ရာ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး အဖွင့်အမှာစကားပြောကြာသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ဆလုံတိုင်းရင်းသားများ နေထိုင်သည့် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံဂလက်ကျေးရွာ၊ ဂျလန်းကျေးရွာ၊ ညောင်ဝိကျေးရွာနှင့် ဇာဒက်ကြီးကျေးရွာများမှ ဆလုံတိုင်းရင်းသားမိသားစုများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့်  Life Jacket (၂၃၇)ထည်၊ မိုးကာအင်္ကျီ(၂၃၇)ထည်၊ ရေငုတ်မျက်မှန်(၂၃၇)ခု၊ ကင်မွန်မျှားကြိုး(၂၈၈)ခွေနှင့် ကင်းမွန်မျှားသည့်အရုပ်(၁၅၅၇)ခု အား ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးဦနေဦး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းထွန်း တို့ က ဆလုံတိုင်းရင်းသားများသို့လွဲပြောင်းပေးအပ်ခဲ့ကြပြီး ဆလုံတိုင်းရင်းသားများကိုယ်စား အောင်ဘာကျေးရွာ အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆလုံလူမျိုးများ အများစုနေထိုင်ကြသည့် ကော့သောင်းခရိုင်အတွင်း မကြုံဂလက်ကျေးရွာ၊ ဂျလန်းကျေးရွာ၊ ညောင်ဝိကျေးရွာ၊ဇာဒက်ကြီးကျေးရွာ စသည့် ကျေးရွာလေးရွာပေါင်းတွင်   ဆလုံလူမျိုး အိမ်ခြေပေါင်း(၂၄၁) အိမ်နှင့် လူဦးရေပေါင်း (၉၉၀)ရှိကြောင်း နောက်ဆုံးကောက်ယူခဲ့သည့် လူဦးရေ စာရင်းဇယားများအရသိရသည်။

ကျော်စိုး(ကော့သောင်း)