ဆက်၍ထမ်းရွက်ရမည့် သမိုင်းပေးတာဝန်

ဗိုလ်ချုပ်အောင်ဆန်းသည်ကား သူ့ဘဝ၊ သူ့အသက်ဖြင့် တိုင်းပြည်အတွက် ပေးဆပ်ခဲ့ပေသည်။ ဘဝ၊ အသက်ခန္တာဖြင့် ပေးဆပ်ယူပေးခဲ့သော လွတ်လပ်ရေးကို မြင်မသွားရရှာပေ။ ခံစားခဲ့ရခြင်းမရှိပေ။ ဗိုလ်ချုပ် အောင်ဆန်း၏ကျေးဇူးကား ဆပ်၍မကုန်နိုင်အောင် ကြီးမားလှသည်။ အသက်ပင်ငယ်သော်လည်း သူ၏ တော်လှန်ရေးအသိ၊ လက်တွေ့ဘဝ ဆည်းပူးမှုတို့နှင့် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာပြည်သူပြည်သားများ လွတ်လပ်သောဘဝတွင် တင့်တယ်စွာနေနိုင်ရေးအတွက် လမ်းညွှန်ပြသပေးခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတို့သည် အကျိုးတရားအဖြစ်သို့ မရောက်ခဲ့သေးပေ။ အကြောင်းတရားအဖြစ်နှင့်သာ ဖြစ်ထွန်းခဲ့ပါသည်။ လွတ်လပ်သော မြန်မာပြည်အတွက် အကျိုးတရားများဖြစ်ထွန်းအောင် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ပြသပေးမှုများနှင့်အညီ ဆက်လက်ကြိုးပမ်း ထမ်းဆောင်ကြရမည့် တာဝန်မှာ လွတ်လပ်သောဘဝတွင် နေထိုင်ကြရသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ အားလုံး၏ သမိုင်းပေးတာဝန် ဖြစ်ပေသည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအတွက် တော်လှန်ရေးအဆင့် နှစ်ဆင့် ချမှတ်ဆောင်ရွက်ပေးသွားခဲ့သည်။ ပထမအဆင့်မှာ မြန်မာနိုင်ငံ လုံးဝလွတ်လပ်သောနိုင်ငံ ဖြစ်ပေါ်လာရေးဖြစ်ပြီး ဒုတိယအဆင့်မှာ တိုင်းပြည်ပြန်လည်ထူထောင်ရေးဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးတိုက်ပွဲ မှတ်တမ်းတွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တော်လှန်ရေး၏ လက္ခဏာများကို ဆန်းစစ်ပြီး ပထမအဆင့် လွတ်လပ်ရေးရပြီးနောက် ဒုတိယအဆင့် ဆက်လက်ချီတက်ရမည့် တော်လှန်ရေးတာဝန်သုံးရပ်ကို ချမှတ်ခဲ့သည်။ ၎င်းတို့မှာ ဒီမိုကရေစီရေး၊ လယ်ယာမြေပြုပြင်ရေး၊ နယ်ချဲ့အမှီအခိုကင်းသည့် စီးပွားရေး ထူထောင်ရေးတို့ ဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် ပထမအဆင့်ဖြစ်သည့် လုံးဝလွတ်လပ်ရေးတိုက်ပွဲကို ကြိုးပမ်းအားထုတ်နေစဉ် လွတ်လပ်ရေးနှင့် လက်တစ်ကမ်းအလိုမှာပင် ကျဆုံးခဲ့ရသည်။ ဒုတိယအဆင့် တော်လှန်ရေးတာဝန်များကို မဆောင်ရွက်နိုင်တော့ပေ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ အနာဂတ်အတွက် အမြော်အမြင် ကြီးမားစွာဖြင့် ကြိုတင်မြော်တွေးပေးခဲ့သည်။ အနာဂတ်၌ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ဖြစ်စေ၊ ဖွံ့ဖြိုးလာရန်အတွက်ဖြစ်စေ အဓိကမှာ စီးပွားရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးနှင့်ပတ်သက်၍ အနှောင့်အယှက်အတားအဆီးများ၊ ကြီးမားသောစွန့်စားမှုများနှင့် ရေရှည်တိုက်ပွဲဝင်သွားရမည်ဟု ဗိုလ်ချုပ် အောင်ဆန်းအနေဖြင့် သဘောပေါက်ပြီးဖြစ်ခဲ့သည်။

 

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အနာဂတ်အတွက် တိုင်းပြည်ကာကွယ်ရေးနှင့် စီးပွားရေးအခြေခံများကို မြော်မြင်ပြီး စတင်အုတ်မြစ်ချထားရမည်ဟု ၁၉၄၇ ခုနှစ် အစောပိုင်းကာလကတည်းက ပြောကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ နှစ်သစ်ကူးမိန့်ခွန်းတွင် "ကျွန်တော်တို့မှာ ငွေမရှိဘူး။ တတ်ကျွမ်းတဲ့လူ အလုံအလောက်မရှိဘူး။ ဒီနှစ်ချက်နဲ့ပဲ ဘယ်အစိုးရတက်တက် နိုင်ငံခြားအကူအညီလိုမယ်။ နိုင်ငံခြားအကူအညီဆိုတာ အမြဲတမ်း ကောင်းတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့အခြေအနေအရ ဗမာပြည်ပြန်လည်ထူထောင်ဖို့ဆိုရင် နိုင်ငံခြား အကူအညီ မယူမဖြစ်တဲ့ အခြေအနေရှိတယ်" ဟု ဗိုလ်ချုပ်က ပြောကြားခဲ့သည်။ စစ်ဘေးစစ်ဒဏ် ခံခဲ့ရသည့်နိုင်ငံကို နိုင်ငံခြားအကူအညီဖြင့် ဦးမော့လာအောင်ကြိုးပမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းအားထုတ်ကြဖို့ ဗိုလ်ချုပ် အောင်ဆန်းက လမ်းပြခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယအဆင့်ဖြစ်သည့် တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်မြော်တွေး၍ မှာကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပထမအဆင့်တော်လှန်ရေးမှာ ပြီးမြောက်ခဲ့သော်လည်း ဒုတိယအဆင့် တော်လှန်ရေးကို အကောင်အထည်ဖော်ရန်အတွက် လမ်းညွှန်ရုံသာ လမ်းမှန်ညွှန်ပြနိုင်ခဲ့ပေသည်။ ဒုတိယအဆင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး တို့ကို ယနေ့ထက်တိုင်အောင် ကြိုးစားရုန်းကန်နေရဆဲ ဖြစ်သည်။

 

သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းကို တန်ဖိုးထားပါသည်ဆိုလျှင်၊ ချစ်ခင်မြတ်နိုးကြသည်ဆိုလျှင်၊ အောက်မေ့သတိရ ကြသည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့သော ဒုတိယထူထောင်မှုတော်လှန်ရေး၊ မြန်မာ့စီးပွားရေး ထူထောင်ရေး၊ နိုင်ငံကာကွယ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတာဝန်များကို တာဝန်ကျေအောင် ဆက်လက်ထမ်းဆောင်ကြရမည် ဖြစ်သည်။ ယင်းသည် သမိုင်းပေးတာဝန်ဖြစ်သည်။ ပြည်သူတိုင်းပြည်သူတိုင်း တာဝန်သိသိ သစ္စာရှိရှိဖြင့် ဆက်လက်ကြိုးပမ်း ထမ်းရွက်ကြဖို့လည်း ထပ်လောင်းနှိုးဆော်တင်ပြအပ်ပါသည်။   ။

ကြေးမုံ