ဆက်လက်ယူဆောင်သွားရမည့် အတွေ့အကြုံကောင်းများနှင့် မေတ္တာနှင့်ယှဉ်သော တာဝန်ယူမှု

ဒေါက်တာမြတ်မိုး

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေဆဲ ကိုရိုနာဗိုင်းရပ်စ်က လူသားများကို ပေးလိုက်သည့် သတင်းစကားတစ်ခုကတော့ “အာရောဂျံ ပရမံလာဘံ” ရောဂါဘယ ကင်းဝေး ခြင်း (ကျန်းမာခြင်း) ဟူသည့် သတိပြုစရာအချက်တစ်ခုပင် ဖြစ်ပါသည်။ ရောဂါကူးစက်မပြန့်ပွားရေးအတွက် မိမိကိုယ် မိမိ ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ခဲ့သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များကို လိုက်နာစောင့်ထိန်းခဲ့ကြသူများ၊ ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့တန်းကျကျ ရဲရဲရင့်ရင့် ပါဝင်ခဲ့ကြသူများ၊ ပရဟိတစိတ်အပြည့်ဖြင့် လိုအပ်သည့်နေရာတွင် လိုအပ်သောအရာများကို လှူဒါန်းခဲ့ကြသူများကို စေတနာရင့်သန်သူများ အဖြစ် တင်စားထိုက်ပါသည်။ မိမိအိမ်တွင် ငြိမ်ဆိတ်စွာဖြင့် နေထိုင်၍ တင်းတိမ်ရောင့်ရဲမှုကို ပြသနိုင်ခြင်းသည်ပင် ထူးကဲသည့်ကုသိုလ်ကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။


မေတ္တာနှင့်ယှဉ်သော တာဝန်ယူ၊ တာဝန်သိတတ်မှု ဆိုးရွားလှသောကပ်ဘေးကြီးကို ရင်ဆိုင်ရာမှ ရယူနိုင်ခဲ့သော ရလဒ် ကောင်းများဖြစ်သည့် တာဝန်သိတတ်မှုနှင့် တာဝန်ယူလိုမှု စိတ်ဓာတ်များ၊ အခက်အခဲများဖြစ်ပေါ်လာစဉ် ကိုယ့်အကျိုးကို မေ့လျော့ပြီး အများအကျိုး ကိုသာ ဦးစားပေးလိုသည့် စိတ်ထားများကို နှစ်သစ်တွင်လည်း ဆက်လက် သယ်ဆောင်သွားစေချင်ပါသည်။ လူ့အဖွဲ့အစည်းတွင် ကြီးမားသောပြဿနာ များ ကြုံတွေ့ရပြီဆိုလျှင် ပေါ်လာသည့်အရာကား တစ်ဦးပေါ်တစ်ဦး လူသား ဆန်မှု၊ လူပီသမှုပင် ဖြစ်သည်။ ဘေးဒုက္ခကာလ တစ်ဦးအပေါ်တစ်ဦး မိမိတတ် နိုင်သည့်ပုံစံဖြင့် ရိုင်းပင်းကူညီပေးမှု၊ မရှိတာရှိတာအပထား နိုင်သလောက် မျှဝေတာဝန်ယူမှုစသည်တို့သည် တန်ဖိုးရှိလှသော ဂုဏ်ယူဖွယ်ရာများပင် တည်း။
ထိုစိတ်ဓာတ်များကို ဆက်လက်ပွားများ စေလိုပါသည်။ မိမိတို့ထံပါး ကိန်းအောင်းနေသော်လည်း မြုပ်နေသော မထင်ရှားမပေါ်လွင်ခဲ့သော မူလ အဇ္ဈတ္တစိတ်နေသဘောထားများ၊ အရည်အချင်းများ၊ ပညာဉာဏ်များကို ယခုလို ဒုက္ခကြုံတွေ့ရသည့်အခါတွင် ပြသခွင့်ရလိုက်သည်မှာ အမြတ်တစ်ခု ပင်ဖြစ်၏။ ဒုက္ခကြုံမှ ထင်ထင်ရှားရှားပေါ်ထွက်လာသော ရှိနှင့်ပြီးသော မိမိ အင်အားများကို နောင်တွင်လည်း အခက်အခဲကြုံတွေ့သည့် အခြေအနေ များတွင် အောင်မြင်စွာရင်ဆိုင်ဖြေရှင်းနိုင်မည့် ခွန်အားများအဖြစ် ဆက်လက် သိမ်းဆည်းထားစေချင်ပါသည်။


ကုသိုလ်စိတ်များဖြင့် အစားထိုးပါ

ကုသိုလ်တရားနှင့် အကုသိုလ်တရားများသည် ဒွန်တွဲနေ၏။ အခက်အခဲ များကင်းဝေးချိန်၊ အဆင်ပြေနေစဉ်ခဏတွင်ကား များသောအားဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မနာလို ဝန်တိုမှုတရားများသာ လွှမ်းမိုးနေတတ်၏။ သူသူ ငါငါ သတ္တဝါအားလုံး အခက်အခဲများ ကြုံရပြီး ဒုက္ခများဆုံရပြီဆိုလျှင် တော့ မေတ္တာနှင့်ယှဉ်သော၊ ကရုဏာနှင့်ယှဉ်သော၊ မုဒိတာ၊ ဥပေက္ခာနှင့် ယှဉ်သော ကုသိုလ်တရားများသည် ပေါက်ဖွားလာတတ်၏။ အကုသိုလ်စိတ် များနေရာတွင် ကုသိုလ်စိတ်များအစားထိုးဝင်လာတတ်ပါသည်။ အကုသိုလ် ဟူသည်အခက်အခဲကို ရင်ဆိုင်ရာတွင် ချည့်နဲ့ ဆုတ်ယုတ်စေတတ်သော တရားဆိုးများဖြစ်၏။ ကုသိုလ်ဟူသည်ကား အကျပ်အတည်းကို အောင်မြင် စွာကျော်ဖြတ်နိုင်မည့်အင်အားများဖြစ်၏။ ကုသိုလ်တရားများက မွေးဖွားပေး လိုက်သော ထိုခိုင်မာသောအင်အားများကသာလျှင် အကျပ်အတည်းများ မပေါ်ပေါက်အောင် တားဆီးပေးနိုင်၏။ ကာကွယ်ပေးနိုင်၏။ ထိန်းချုပ်ပေး နိုင်၏။ တီထွင်ဖန်တီးမှုစွမ်းအားများကို ရယူရှေ့ဆောင်ပေးနိုင်၏။ ဤသို့ သောကောင်းမှုများက လူတို့၏ မွန်းကျပ်ပိတ်လှောင်နေသော စိတ်များကို လွတ်လပ်မှုဖြစ်စေသည်။ ပိတ်ပင်ကန့်သတ်မှုများကြားမှ ပျော်ရွှင်ကျန်းမာ မှုကို ဖြစ်စေပါသည်။

 

ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည့် အတွေ့အကြုံကောင်းများ

ကိုဗစ် - ၁၉ ကြောင့် လူသားများသည် ကျန်းမာရေးပြဿနာနှင့် စားဝတ် နေရေးအခက်အခဲများ ကြုံတွေ့ရပြီး စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ကြရသည်။ စိတ်ဖိစီးမှုများဖြစ်ကြရသည်။ စိန်ခေါ်မှုများ ရင်ဆိုင်ကြရသည်။ လိုအပ်ချက် အရ သီးခြားစောင့်ကြည့်မှုများခံကြရသူများရှိသလို ရှေ့တန်းကျကျ အန္တရာယ် ကိုပိုက်၍ ပြုစုစောင့်ရှောက်ကြရသူများလည်းရှိကြသည်။ နားလည်ပေးစိတ် ဖြင့် လူကိုယ်တိုင်လည်းကောင်း၊ လူမှုကွန်ရက်များမှ လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း အပြန်အလှန် ကူညီဖေးမအားပေးမြှင့်တင်မှုများက တည်ငြိမ် မှုနှင့် စိတ်ဓာတ်ခွန်အားကို အထောက်အပံ့ဖြစ်စေသည်။ အင်တာနက်မှ တစ်ဆင့်ဖြန့်ဝေသော ပြဿနာကိုချဉ်းကပ်ပုံနှင့် ဖြေရှင်းမှုနည်းလမ်းများကို ဖတ်ရှုလေ့လာရသည့်အခါ အခက်အခဲကိုရင်ဆိုင်တတ်လာသည်။ စိတ်ဓာတ် ခွန်အားဖြစ်ဖွယ်ရာ အားပေးစကားများကို စိတ်ပူပန်နေသူများက ကြားရ ဖတ်ရသည့်အခါ ကိုယ်ချင်းဝေးနေသော်လည်း စိတ်ချင်းနီးနေသကဲ့သို့ ခံစား ကြရသည်။


လူသားတိုင်း ကြုံတွေ့ရသည့် ပြဿနာအသစ်အဆန်းများကြောင့် ကြားသိဖတ်ရှုရသူများတွင် ဗဟုသုတအသစ်များနှင့် အတွေ့အကြုံအသစ် များကို တိုးပွားစေသည်။ ခံယူချက်များလည်း ပြောင်းလာရသည်။ သို့သော် မိမိတို့ရရှိသည်များက အမှန်ချည်းသာမဟုတ်၊ ရံဖန်ရံခါ အမှားအချက်အလက် များလည်း လက်ခံရရှိတတ်သည်။ ထိုအခါဘယ်အရာက အမှား၊ ဘယ်အရာက အမှန်ဆိုသည်ကို အတွေ့အကြုံမှတစ်ဆင့် ခွဲခြားတတ်လာသည်။ စဉ်းစား နိုင်စွမ်း၊ စိစစ်နိုင်စွမ်းရှိလာသည်။ သတင်းအချက်အလက် အမှန်ရရှိရန် အခြားသော သတင်းအရင်းအမြစ်များနှင့် ချိတ်ဆက်ရှာဖွေတတ်လာ သည်။ အခက်အခဲများက ပေးစွမ်းလိုက်သည့် ထိုထိုသောတည်ငြိမ်မှု၊ ဖြေရှင်းနိုင်စွမ်းနှင့် အစွမ်းအစများက အနာဂတ်တွင် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်မည့် ပြဿနာများအတွက် တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိလာမည် ဖြစ်ပါသည်။


အာရောဂျံ ပရမံလာဘံ

ရောဂါဆိုးကြီးမှရရှိလိုက်သော သင်ခန်းစာတစ်ခုသည် လာဘ်လာဘသဖွယ် တင်စားထိုက်သည့် ကျန်းမာရေးနှင့် ဘာကိုမှ မလဲနိုင်ပါ။ ထိုထို မွန်မြတ်လှသော အရာကို လက်ကိုင်ရရှိထားမှသာလျှင် အသက်ရှည်ရာအနာမဲ့ကြောင်းဖြစ်ပါ မည်။ ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်ဟူသော စကားသည် အလကားမဟုတ်၊ ကျန်းမာရေးနှင့်အညီ ညီညွတ်မျှတစွာ ပြုမူနေထိုင်စားသောက်တတ်ခြင်းပင် ဖြစ်၏။ ရခဲလှသောလူ့ဘဝတွင် ပိုင်ဆိုင်ထားသော မိမိခန္ဓာကို မိမိဘာသာ မိမိ အစဉ်စောင့်ရှောက်နေဖို့လိုအပ်သည်။ မထိန်းသိမ်း မကာကွယ်နိုင်ပါက အချိန် မရွေး ပျက်စီးယိုယွင်းသွားနိုင်သည်။ သတိလက်လွတ်ဖြစ်သွားပါက မိမိကျန်းမာ ရေးသည် အချိန်မရွေးပျက်စီးယိုယွင်းသွားနိုင်ကာ ယခုလိုမျိုး ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကြုံတွေ့ရတတ်သည်။ နောင်တွင်လည်း ထိုကဲ့သို့သောအနာရောဂါ များမှ ကင်းဝေးနိုင်ရန် ကြိုတင်ကာကွယ်ဆောင်ထားရှောင်ထားရမည့် ကျင့်စဉ် များကို လိုက်နာဆောင်ရွက်တတ်လာပါမည်။


လေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်ရန် မိမိတို့၏ ပတ်ဝန်းကျင်တွင် သန့်ရှင်းသောလေ၏ အရေးကြီးပုံကို သိရှိလာသည်။ လေကောင်းလေသန့်ကိုသာ ရှူရှိုက်နိုင်ဖို့ အားလုံးတွင် တာဝန်ရှိကြောင်း ခံယူ လာကြမည်ဖြစ်သည်။ နောက်ထပ်ရရှိသည့် အတွေ့အကြုံကောင်းများကား ကိုယ်ခံစွမ်းအားမြင့်မားတိုးတက်စေမည့် အစားအစာများ၊ ဓာတ်စာများ စားသောက်ရန်လိုအပ်သည် ဆိုသောအချက်နှင့် အချို့ရောဂါများတွင် ရေများများ သောက်သုံးရန်လိုအပ်သည်ဟူသော အချက်များဖြစ်သည်။ ခန္ဓာယန္တရားကြီး ကောင်းမွန်စွာလည်ပတ်နေရန် မလိုအပ်သောကိစ္စများအတွက် အချိန်ဖြုန်းခွင့် မပေးဘဲ လုံလောက်သော အိပ်စက်အနားယူခွင့်ပေးခြင်း၊ အခါမလပ် လက်ကို စနစ်တကျ ဆေးကြောသန့်စင်သည့် အလေ့အထပြုခြင်း၊ ချောင်းဆိုးနှာချေသည့် အခါ မိမိကြောင့် သူတစ်ပါးထံ ရောဂါပိုးမကူးစက်စေလိုသည့် စေတနာဖြင့် ဖုံးအုပ်ကာကွယ်မှုပြုခြင်း၊ လူအများအစုအဝေး သည် ရောဂါပိုးများကို ဖြန့်ချိနိုင် ကြောင်း သိရှိရသည့်အလျောက် မလိုအပ်လျှင် ထိုလူစုလူဝေးမှ ရှောင်ကြဉ်သွား တတ်ခြင်းစသည့် အလေ့အထများသည် ကျန်းမာရေးအတွက် အပြုအမူကောင်း များပင် ဖြစ်သည်။ ရရှိလိုက်သော ထိုအပြုအမူကောင်းများဖြင့် မိမိကိုယ်တိုင် သာမက အနာဂတ်လူမှုဘဝများ လှပအောင် ပုံဖော်တည်ဆောက်နိုင်ပါသည်။


ချွေတာမှုအစုစုနှင့် နှလုံးသွင်းမှန်ကန်မှု

အဆိုးထဲက အကောင်းတွေကို ရွေးရမယ်ဆိုလျှင်တော့ နေတတ်ထိုင်တတ် လာတာပဲ ဖြစ်သည်။ ကျဉ်းထဲကျပ်ထဲတွင် ဘယ်လိုနေထိုင်ရမည်ကို သိလာသည်။ ဟိုဟာမရှိလို့ ဒီဟာမရှိလို့ဆိုသည့် မိမိအတွက် မရှိမဖြစ်ဆိုသောအရာတွေသည် အားလုံးက သေရေးရှင်ရေးဖြစ်နေသောအခါတွင် အသေးအဖွဲဖြစ်သွားတတ် သည်။ ရောင့်ရဲတင်းတိမ်တတ်သည့် အလေ့အထများ ကျင့်သုံးတတ်လာသည်။ နောက်တစ်ချက် အကျိုးများခြင်းကား ချွေတာတတ်မှုအစုစုဖြစ်သည်။ အချိန် ကိုလည်း ချွေတာတတ်လာသည်။ သုံးဖို့ ဖြုန်းဖို့ငွေကိုလည်း ချွေတာတတ်လာ သည်။ သွားဖို့၊ လာဖို့၊ လည်ပတ်ဖို့နေရာများကန့်သတ်ခံရပြီးနောက် စွမ်းအင် ချွေတာခြင်း၏ ထိရောက်မှုကိုလည်း သိရှိလာသည်။ ထိုမှ လေထုညစ်ညမ်းမှုကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း အထောက်အကူဖြစ်သည် ဟု နားလည်သိရှိလာသည့်အခါ မိမိကိုယ်မိမိလည်း ကျေနပ်အားရမှု ဖြစ်ပေါ် စေသည်။ ကိုယ်ပိုင်ဆိုင်သည့်အချိန်တွေ များလာသည်။


ယခင်က တစ်အိမ်တည်းအတူနေပြီး ဝေးကွာနေသူများအတွက် အချိန် တွေ ပိုရလာပြီး မိသားစုအတွက် အချိန်များပေးလာနိုင်သည်။ ထိုသည်ပင် ဘဝ၏ အနှစ်သာရဟု ခံယူသူများ ရှိလာနိုင်သည်။ မှန်မှန်ကန်ကန်လည်း နှလုံးသွင်း တတ်လာသည်။ ဘယ်အရာပဲကြုံကြုံ စိတ်အလိုသို့ အလွယ်တကူ မလိုက်၊ သတိလေးကပ်တတ်လာမည်။ နှလုံးသွင်းမှန်သူသည် ပြဿနာနှင့် ပတ်သက်၍ ဘယ်သူ့ကိုမျှလည်း ယိုးမယ်မဖွဲ့ အပြစ်မဆိုသာပါ။ ဤကဲ့သို့ သင့်တင့်လျောက်ပတ်သလို နေထိုင်တတ်လာခြင်းသည် တရားသဘောပင် ဖြစ်သည်။ အရှုံးထဲက ယူတတ်လျှင် အမြတ်ထွက်သည်မို့ နှစ်ထူးတွင် နှစ်ကူး အစမှစ၍ နှလုံးသွင်းမှန်နေလျှင် အရာရာကို အကောင်းမြင်စိတ်ကလေးနှင့် အစားထိုးတတ်နေမည်သာ ဖြစ်ပါသည်။


ဖွံ့ဖြိုးလာမည့် အတွေ့အကြုံကောင်းများ

နောက်ထပ်ရရှိလာသည့်ရလဒ်တစ်ခုက Online Learning ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်အချို့တွင် တက္ကသိုလ်များ ပိတ်လိုက်ရ၍ မြန်မာ ကျောင်းသားများ မိမိပြည်တွင်း၌ မိမိအိမ်ကပင် Smart ဖုန်း၊ Laptop များ ဖြင့် အချိန်မရွေးနေရာမရွေး သင်ကြားသင်ယူခွင့်ရရှိလာကြသည်။ နောင် တွင်လည်း ကျောင်းသားများ သင်ကြားရေးစင်တာများနှင့် ရုတ်တရက် ဝေးကွာသွားသည့်အခါတွင် ယခုကဲ့သို့သော သင်ကြားရေးစနစ်သည် အချိန် မရွေးသင်ကြားခွင့်နှင့် ငွေကုန်ကြေးကျသက်သာသော နည်းလမ်းတစ်ခုအဖြစ် အသုံးပြုရန် ကြိုတင်ပြင်ဆင်ထားခွင့် ရရှိလာနိုင်သည်။


ထို့ပြင် ကိုဗစ် - ၁၉ အခြေအနေနှင့်ပတ်သက်၍ နိုင်ငံအကြီးအကဲများက အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ပုံစံ ညှိနှိုင်းအစည်း အဝေးများ၊ ပြည်သူလူထုနှင့် တွေ့ဆုံမှုများ ဆောင်ရွက်ခွင့်ရရှိခြင်းဖြင့် အားလုံး ပါဝင်ဆွေးနွေးနိုင်မှု၊ လုပ်ငန်းချိတ်ဆက်နိုင်မှု၊ အချိန်နှင့် တစ်ပြေးညီ သတင်း အချက်အလက်များကို မျှဝေနိုင်မှု၊ ငွေကုန်ကြေးကျသက်သာမှု၊ ခရီးရှည် များ သွားလာရန်မလိုအပ်တော့မှု စသည့်အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့မြင်ကြရသည်။ ထိုအတွေ့အကြုံများသည် ယခုကာလ တွင် သာမက ရေရှည်အတွက်ပါ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စ တစ်ရပ်အဖြစ် အလေးထားလာကြတော့မည်ကိုလည်း တွေ့မြင်နေရ ပါသည်။
အချုပ်အားဖြင့် နှစ်သစ်တွင် ဆက်လက်သယ်ဆောင်သွားရမည့် အတွေ့ အကြုံကောင်းများ၊ သင်ခန်းစာယူဖွယ်ရာများကား များပြားစွာပင် ရှိချေသည်။ အခက်အခဲကြုံချိန်တွင် အနယ်နယ်အရပ်ရပ်မှ တတ်နိုင်သူများ၏ တတ်နိုင် သည့်ဘက်မှ ကူညီထောက်ပံ့မှုများက ဒါနဆိုသည့် ကုသိုလ်ထူးတစ်ခုကို ရရှိစေသည်။ ဆရာတော်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များ၏ ရွတ်ဖတ်ပူဇော်သောတရားဒေသနာများက မိမိ၏ သီလ၊ သမာဓိကို တိုးပွား စေပြီး ပတ်ဝန်းကျင်လုံခြုံမှုကို ပေးစွမ်းနိုင်ပါသည်။ ပိုလာသောအချိန်များ တွင် ကြိုးစားအားထုတ်လိုက်သည့် သမထ၊ ဝိပဿနာတရားများပွားများ သည့် အလေ့အကျင့်များကို အနာဂတ်တွင်လည်း ဆက်လက် ကိန်းအောင်း သွားစေလိုပါသည်။ ဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နောင်သံသရာတွင် ဆက်လက်အကျိုးပေးမည့် အနိမ့်ဆုံးစံချိန်တစ်ခုကို စိုက်ထူခွင့်ရရှိလိုက် ခြင်းလည်း ဖြစ်သည်။ ယခုအချိန်တွင် တွန်းအားများသည် အနာဂတ်အတွက် အင်အားများ ဖြစ်စေပါသည်။ မမြဲသောတရားများအတွက် ကုသိုလ် အာရုံဖြင့်သာ နှလုံးသွင်းသတိကပ် ဆင်ခြင်နေရန် ရေးသားလိုက်ရပါ သည်။
ကုသိုလ်အားလုံး၏ ရေသောက်မြစ်သည် “သတိ” ပင်ဖြစ်၍ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး “သတိ”နှင့် ထိန်းနိုင်ကြပါစေ။ ။