ဆက်ဆံရေးတိုးမြှင့်ရန် အိန္ဒိယနှင့် သြစတြေးလျဝန်ကြီးချုပ်တို့ အွန်လိုင်းပေါ်မှတစ်ဆင့် ထိပ်သီးအစည်းအဝေးပြုလုပ်

နယူးဒေလီ ၄ ဇွန်

 

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနှင့် သြစတြေးလျဝန်ကြီးချုပ် စကော့ဒ်မော်ရီဆန်တို့သည် ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် ကာကွယ်ရေး စသည့် နယ်ပယ်များ၌ ဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို အွန်လိုင်းပေါ်မှတစ်ဆင့် ယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်း အိန္ဒိယပိုင် ပီတီအိုင်သတင်းဌာနက ဖော်ပြထားသည်။

 

လက်ရှိအချိန်သည် အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ရန် အကောင်းဆုံးအချိန်ဖြစ်သလို အကောင်းဆုံးအခွင့်အရေးလည်းဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက အစည်းအဝေး အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

 

“နှစ်နိုင်ငံဆက်ဆံရေး ပို၍ခိုင်မာတောင့်တင်းဖို့အတွက် ကျွန်တော်တို့မှာ ကြီးမားတဲ့ဖြစ်နိုင်ခြေ အလားလာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ကျွန်တော်တို့ရဲ့ဒေသနဲ့ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုကို မည်သို့မည်ပုံ ဆောင်ကြဉ်းပေးနိုင်မလဲဆိုတဲ့ အချက်နဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အနေနဲ့ အတူတကွ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အချက်တွေဟာ ကျွန်တော်တို့အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်ပါတယ်” ဟု မိုဒီကဆိုသည်။

 

အိန္ဒိယနိုင်ငံသည် သြစတြေးလျနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကတိကဝတ်ပြုထားကြောင်း၊ သြစတြေးလျနှင့် ဆက်ဆံရေး တိုးမြှင့်ရေးသည် နှစ်နိုင်ငံအတွက်သာမက အင်ဒိုပစိဖိတ်ဒေသနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ အရေးကြီးကြောင်း မိုဒီက ထပ်မံပြောကြားသည်။

 

မိမိတို့၏ ပြည့်ဝစုံလင်သော မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍသည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေစဉ်အတွင်း ကမ္ဘာတစ်ဝန်းလုံးအတွက်ပို၍ အရေးပါလာမည်ဖြစ်ကြောင်း၊ ယင်းကပ်ရောဂါ၏ စီးပွားရေးနှင့် လူမှုရေးဘေးထွက်ဆိုးကျိုးများမှ လွတ်မြောက်နိုင်ရန်အတွက် ကမ္ဘာကြီးသည် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်သော ချဉ်းကပ်နည်းကို လိုအပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ယနေ့ ပြုလုပ်သော အွန်လိုင်းအစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍ မိုဒီအနေဖြင့် နိုင်ငံရပ်ခြား ခေါင်းဆောင်များနှင့် ပထမအကြိမ်မြောက် ဆွေးနွေးမှုပင်ဖြစ်သည်။ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ၂၀၀၉ ခုနှစ်မှစ၍ မဟာဗျူဟာဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ခဲ့ပြီး ထိုအချိန်ကတည်းက အဓိကကျသော နယ်ပယ်အများအပြားတွင် ဆက်ဆံရေးတိုးမြှင့်ခဲ့ကြောင်း သိရသည်။

 

သြစတြေးလျနိုင်ငံသည် အိန္ဒိယနိုင်ငံကို အိန္ဒိယသမုဒ္ဒရာ နိုင်ငံများအကြား ပြိုင်ဘက်ကင်းသော ရေတပ်အင်အားပိုင်ဆိုင်သည့် နိုင်ငံနှင့် သြစတြေးလျနိုင်ငံ၏ ရှေ့တန်းအဆင့် မိတ်ဖက်နိုင်ငံအဖြစ် ၂၀၁၇ ခုနှစ်က အသိအမှတ်ပြုလိုက်သည်။ ထို့အတူ ၂၀၁၈ - ၂၀၁၉ ခုနှစ်အကြား အိန္ဒိယနှင့် သြစတြေးလျနိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံခန့်ရှိကြောင်း သိရသည်။

 

ကိုးကား - ပီတီအိုင်

ဘာသာပြန် - ဂျေတီ