ဆက်ဆံရေး နှစ် (၇၀) ခရီးမှသည်….

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ရောက်ရပြန်ပြီ မြောက်ပိုင်းမြို့တော်ဆီ

 


ကျွန်တော့်အနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်ထမ်းဆောင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းတွင် ရောက်ရှိခဲ့ပါသည်။ တရုတ်ဘာသာဖြင့် “ပေ” မှာ မြောက်ပိုင်းဖြစ်ပြီး “ကျင်း”မှာ မြို့တော်ဖြစ်၍ ပေကျင်း၏ အဓိပ္ပာယ်မှာ မြောက်ပိုင်းမြို့တော်ဟု အဓိပ္ပာယ်ရပါ သည်။ ပေကျင်းမြို့သည် ပူပြင်းလှသည့် နွေရာသီကုန်လွန် ၍ ရာသီဥတုမျှတသည့် ဆောင်းဦးအဝင်ကာလဖြစ်သည့် အားလျော်စွာ အပူရှိန် အနည်းငယ်ကျန်ရှိနေသေးသော် လည်း နေထိုင်ကောင်းသည့် အချိန်ဖြစ်ပါသည်။ မြန်မာ သံရုံးတည်ရှိရာ ချောင်ယန်းရပ်ကွက် စန်းလိထွန်းအပိုင်း တုန်းချိမင်းဝေလမ်းမကြီးသည် သစ်ပင်ကြီးများ စီတန်း လျက် သာယာလှပလွမ်းမောဖွယ်ရာ၊ တည်ငြိမ်ခန့်ညား စွာ၊ နွေးထွေးစွာဖြင့် ကျွန်တော့်အား ကြိုဆိုခဲ့ပါသည်။

 

အမှန်စင်စစ် ကျွန်တော်သည် တရုတ်နိုင်ငံနှင့် သော်လည်းကောင်း၊ မြို့တော်ပေကျင်းနှင့်သော်လည်း ကောင်း၊ တရုတ်နိုင်ငံ၏ ပြည်နယ်မြို့တော်များနှင့် သာယာလှပသည့် နေရာဒေသများနှင့်သော်လည်းကောင်း များစွာရင်းနှီးခဲ့သူဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက်တွင် နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များတွင် လိုက်ပါ ခြင်း၊ အဆင့်အသီးသီးတွင် ကျင်းပသည့် နှစ်နိုင်ငံအစည်း အဝေးများ တက်ရောက်ခြင်း၊ နိုင်ငံတော်အဆင့် ကွန်ဖရင့် များ၊ ဆွေးနွေးပွဲများ၊ ဖိုရမ်များတက်ရောက်ခြင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်း အဝေးအခမ်းအနားများ တက်ရောက်ခြင်း၊ လေ့လာရေး ခရီးစဉ်များတွင် ပါဝင်ခြင်းများအပါအဝင် တရုတ်နိုင်ငံသို့ အကြိမ်ပေါင်း (၃၀) ထက်မနည်း ရောက်ရှိခဲ့ပါသည်။ ရောက်ရှိခဲ့သည့် ခရီးစဉ်အကြိမ်တိုင်းတွင် တရုတ်လုပ်ဖော် ကိုင်ဖက်များနှင့် တာဝန်ရှိသူများ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် တရုတ်ပြည်သူများ၏ နွေးထွေးပျူငှာမှုများကို ကြုံတွေ့ခဲ့ ရပြီး ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့အပေါ် အခြေခံ၍ ဆွေးနွေးနိုင်ခဲ့ကာ အောင်မြင်သည့် ခရီးစဉ်များ သာ ဖြစ်ခဲ့ပါသည်။

 

ရှေးပဝေသဏီက ဆက်ဆံရေး

 

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရေမြေတောတောင်၊ မြစ်ချောင်းများ ထိစပ်လျက်ရှိကြပြီး နှစ်နိုင်ငံပြည်သူများ သည်လည်း ရှေးနှစ်ပေါင်းများစွာကပင် ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့ကြပါသည်။ နှစ်နိုင်ငံတွင် တူညီသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်လျက်ရှိကြပြီး တူညီ နီးစပ်သည့် ဘာသာစကား၊ ယဉ်ကျေးမှုများ ဖြစ်ထွန်း တည်ရှိနေကြပါသည်။ ရှေးပဝေသဏီကပင် မြန်မာ- တရုတ်ဆက်ဆံရေးမှာ ပြည်သူများကို အခြေပြု၍ ဖြစ်ထွန်းတည်ရှိခဲ့ပြီးဖြစ်ပါသည်။

 

သမိုင်းအထောက်အထားများအရ အေဒီ (၄) ရာစု ကပင် မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း တည်ရှိခဲ့ပြီး ခရစ်သက္ကရာဇ် ၈၀၂ ခုနှစ်တွင် ပျူခေတ် မြန်မာအနုပညာ ရှင်များသည် မိုင်ပေါင်းထောင်ချီ၍ တရုတ်နိုင်ငံ ချန်အန်း မြို့တော်သို့ သွားရောက်ဖျော်ဖြေခဲ့ဖူးသည်ဟု သိရှိရပါ သည်။ ထိုအချိန်က တရုတ်နိုင်ငံတွင် ထန်မင်းဆက်ကာလ ဖြစ်ပြီး ပျူခေတ်မြန်မာအနုပညာရှင်များအား ထိုစဉ်က တရုတ်ပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကာ ဖျော်ဖြေမှုများကိုလည်း များစွာနှစ်ခြိုက်ကြကြောင်း သိရှိရပါသည်။ ချန်အန်းမြို့ဆိုသည်မှာ ယနေ့ခေတ်တွင် ရှန်ရှီးပြည်နယ်ရှိ ရှီအန်းမြို့ (Xi’an) ဖြစ်ပြီး ကမ္ဘာကျော် ရှေးခေတ်ဟောင်း တရုတ်စစ်သည်ရုပ်တုများ (Terracotta) ပြတိုက်ရှိရာမြို့ ဖြစ်ပါသည်။ ထို့အပြင် ရှီအန်းမြို့သည် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဇာတိမြို့လည်းဖြစ်ပါ သည်။ သို့ဖြစ်ရာ ပျူခေတ်တွင် မြန်မာအနုပညာရှင်များ သွားရောက်ဖျော်ဖြေခဲ့သည့် တရုတ်နိုင်ငံမှ မြို့တော်သည် မျက်မှောက်ခေတ် လက်ရှိတရုတ်ခေါင်းဆောင်၏ ဇာတိ မြို့ဖြစ်သည်မှာ တော်တန်ရုံတိုက်ဆိုင်မှု မဟုတ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

ကျွန်တော့်အနေဖြင့် ရှီအန်းမြို့သို့ သုံးကြိမ် ရောက်ဖူး ပြီး ရောက်ရှိသည့်အကြိမ်တိုင်းတွင် ပျူခေတ် မြန်မာ အနုပညာရှင်များ ရောက်ရှိဖျော်ဖြေကာ ထိုစဉ်ထိုကာလ ကပင် ဖြစ်ထွန်းခဲ့သည့် နှစ်နိုင်ငံပြည်သူများ၏ ကုန်သွယ် ရေးနှင့် ယဉ်ကျေးမှု ကူးလူးဆက်ဆံမှု အသွင်သဏ္ဌာန်များ ကို စိတ်တွင် ဝင်စားခံစားခဲ့ရပါသည်။ မြန်မာနိုင်ငံပြတိုက် အတွင်းမှ ပျူခေတ်တီးမှုတ်ကခုန်နေဟန် ကြေးရုပ်တု ကလေးများကိုလည်း သတိရမိပါသည်။

 

မြန်မာနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေး သမိုင်းကြောင်းမှာ နှစ်ပေါင်းထောင်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ပုဂံခေတ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သံတမန်ဖြစ် သည့် ရှင်ဒိသာပါမောက်အား တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး ထိုခေတ် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင်လည်း နှစ်နိုင်ငံပြည်သူတို့သည် နယ်ချဲ့ တွန်းလှန်ခဲ့မှု၊ လွတ်လပ်ရေးကြိုးပမ်းခဲ့မှုများနှင့် တိုင်းပြည် ကြိုးပမ်းတည်ထောင်ခဲ့မှုများတွင် တူညီသည့် သမိုင်း အတွေ့အကြုံများရှိကြပါသည်။ ထို့အပြင် နှစ်နိုင်ငံပြည်သူ များသည် အခက်အခဲများနှင့် စိန်ခေါ်မှုများကိုလည်း အပြန် အလှန်နားလည်မှုရှိခြင်း၊ ရိုင်းပင်းစာနာခြင်းနှင့် သံယောဇဉ် ရှိခြင်းတို့အပေါ် အခြေခံ၍ အတူတကွ ကျော်လွှားနိုင်ခဲ့ကြပါသည်။

 

ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု (သို့မဟုတ်) ပေါက်ဖော်ချင်းယိ

 

ဤနေရာတွင် မြန်မာ-တရုတ်ဆက်ဆံရေးအား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟု ခေါ်တွင်လျက်ရှိသည်ကို ဆစ်ဆစ်ပိုင်းပိုင်း ဖော်ပြလိုပါသည်။ တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင်က မြန်မာ-တရုတ်ဆက်ဆံရေးအား နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟူ၍ ခေါ်တွင်သုံးစွဲခဲ့ပါသည်။ ဤကဲ့သို့ ခေါ်ဝေါ်သုံးစွဲခြင်းမှာ မြန်မာနှင့် တရုတ်ပြည်သူတို့အကြား ဆွေမျိုးရင်းချာ ဆက်ဆံရေးရှိကြောင်းဆိုလိုပြီး ပေါက်ဖော် ဟူသည်မှာ မြန်မာစကားအဓိပ္ပာယ်အရ အတူတကွ မွေးဖွား လာခြင်းဟု ဆိုနိုင်ပါသည်။ တရုတ်သမ္မတကြီးက မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးကို ပေါက်ဖော်ချင်းယိဟု သုံးစွဲခဲ့ သည်ကိုလည်း မှတ်မိနေပါသည်။ တရုတ်ဘာသာဖြစ်သည့် ချင်းယိ၏ အဓိပ္ပာယ်မှာ ချစ်ကြည်ရင်းနှီးမှုဟူ၍ အဓိပ္ပာယ် ရသဖြင့် ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု တစ်နည်းအားဖြင့် မွေးချင်းတူ ညီအစ်ကိုမောင်နှမ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးဟု ညွှန်းဆိုချင်ပါသည်။

 

ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုသည် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြားတွင် ဖြစ်ထွန်းခဲ့ခြင်းမှာ ထူးခြား သည့်အချက်ဖြစ်ပါသည်။ ထိုချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးများ ကို နှစ်နိုင်ငံအတူတကွ ချမှတ်ကျင့်သုံးနိုင်ခဲ့သည့်အပြင်၊ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီး မှုများကို စွဲမြဲစေခဲ့ကာ အနာဂတ်ဆက်ဆံရေးအတွက် အရေးကြီးသည့် နှစ်နိုင်ငံအကြား နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း ဆက်ဆံရေး အဆင့်များကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်တက်လှမ်း နိုင်ခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြားတွင် မဟာဗျူဟာမြောက်သည့် ရှုထောင့်မှ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနှင့် ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေများအရ မိတ်ဖက်ကျသည့် ဆက်ဆံရေး အဆင့်ဖြစ်သော ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများအဆင့်သို့ တက်လှမ်း ရောက်ရှိခဲ့ပါသည်။

 

အချို့သောမှတ်တမ်းများတွင် ၁၉၇၁ ခုနှစ်နောက်ပိုင်း တွင်မှ နှစ်နိုင်ငံဆက်ဆံရေးအဆင့်ကို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုဟု အမည်မှည့်ခေါ်ခဲ့သည်ဟုလည်း သိရှိ ရပါသည်။ သို့ရာတွင် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၀ ပြည့်နှစ်ကျော် ကာလများအကြား ထုတ်ဝေခဲ့သည့် မြန်မာသတင်းစာများ တွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၊ ပေါက်ဖော်ဆက်ဆံ ရေးအစရှိသဖြင့် သုံးစွဲဖော်ပြထားသည်ကို လေ့လာတွေ့ရှိ ရပါသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ-တရုတ် ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမှာ ရှေးယခင်က အစပြု၍ ကမ္ဘာတည်သရွေ့ တည်ရှိနေမည်သာ ဖြစ်ပါသည်။

 

နှစ်နိုင်ငံဆက်ဆံရေး နှစ် (၇၀) ခရီးအစ

 

၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ခဲ့ပြီးနောက် ကျင့်သုံးသည့် နိုင်ငံရေးစနစ်မတူညီသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကို ပထမဆုံး အသိအမှတ်ပြုခဲ့ပါသည်။ ထို့နောက် မရှေးမနှောင်းဖြစ်သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့နှင့် ပေကျင်းမြို့များတွင် သံရုံးများ အပြန်အလှန်ဖွင့်လှစ်ခဲ့ကြရာ ယခု ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် နှစ် (၇၀) ပြည့်မြောက်ပြီ ဖြစ်ပါ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပထမဦးဆုံး မြန်မာသံအမတ်ကြီးမှာ ဦးမြင့်သိန်းဖြစ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ပထမဦးဆုံး တရုတ်သံအမတ်ကြီးမှာ မစ္စတာ Yao Zhong Min ဖြစ်ပါသည်။ ယခုဆိုလျှင် ကျွန်တော့်အနေဖြင့် ၁၉ ဦးမြောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ တရုတ်သံအမတ်ကြီးမှာ ၁၈ ဦးမြောက် တရုတ်သံအမတ် ကြီး ဖြစ်ပါသည်။

 

နှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံကောင်းများ (သို့မဟုတ်) သမိုင်းမှတ်တိုင်များ

 

သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်မှစတင်၍ အပြန်အလှန် နားလည်မှုရှိ သည့် ချစ်ကြည်ရင်းနှီးမှုရှိသော အိမ်နီးချင်းဆက်ဆံရေး ဖြစ်ထွန်းလာစေရန်အတွက် ဆက်ဆံရေးသမိုင်းမှတ်တိုင် များစွာကို နှစ်နိုင်ငံပြည်သူများနှင့် ခေါင်းဆောင်များမှ ယနေ့တိုင် စိုက်ထူနိုင်ခဲ့ရာ သိမှတ်ဖွယ်ရာများကို ကောက်နုတ်ဖော်ပြသွားပါမည်။ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးချိန်မှ ဆယ်စုနှစ်တစ်ခုခွဲခန့်ကာလများ သည် ဆက်ဆံရေး ရွှေလမ်းငွေလမ်းဖောက်နိုင်ခဲ့သည့် ကာလများဟု ဆိုနိုင်ပါသည်။ ယနေ့အထိ ဆက်ဆံရေး အဆင့်များ မြှင့်တင်ခြင်းဖြင့် နှစ် (၇၀) ခရီးမှတ်တိုင်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းသည်လည်း ခိုင်မာ သည့်အခြေခံအုတ်မြစ်များ ချနိုင်ခဲ့ခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။

 

၁၉၅၄ ခုနှစ်တွင် မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ချက်ကို ကနဦးစတင်ချမှတ်လိုက်နာ ကျင့်သုံးနိုင်ခဲ့ကြပါသည်။ ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ်ပါ ပါဝင်ခဲ့ပါသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့ စတင်ချမှတ် ကျင့်သုံးခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်သည် ယနေ့ခေတ် ယနေ့အချိန်အထိ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံအချင်းချင်း ဆက်ဆံရာ၌ လက်ကိုင်ပြု၍ လိုက်နာကျင့်သုံးကြရမည့် မူကြီးများအဖြစ် တည်ရှိလျက်ရှိပါသည်။ ထိုမူကြီး (၅) ချက်သည် နှစ်နိုင်ငံဆက်ဆံရေး အောင်မြင်ဖြစ်ထွန်းရေး အတွက် အရေးကြီးသော အခြေခံကောင်းတစ်ခုဖြစ်ပါသည်။

 

ထို့အပြင် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ဆွေးနွေးမှုများကို ၁၉၅၀ ပြည့်နှစ်တွင် စတင်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ပထမဦးဆုံး ကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို ၁၉၅၄ ခုနှစ်တွင်လည်းကောင်း၊ နှစ်နိုင်ငံလေကြောင်း ပျံသန်းသွားလာရေးစာချုပ်ကို ၁၉၅၅ ခုနှစ်တွင်လည်း ကောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရေးစာချုပ်ကို ၁၉၆၀ ပြည့်နှစ်တွင် လည်းကောင်း အသီးသီးချုပ်ဆိုနိုင်ခဲ့ပါသည်။ ထိုစာချုပ် များသည် နှစ်နိုင်ငံအကြား ယုံကြည်မှုများ ပိုမိုဖြစ်ထွန်း လာစေရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေ ရေးတို့အတွက် ကနဦးခြေလှမ်းများ ဖြစ်ခဲ့ကြပါသည်။

 

၁၉၆၁ ခုနှစ် နှစ်ဦးပိုင်းတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်သဘောတူစာချုပ်ကို ပေကျင်းမြို့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ရာ သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့စဉ် ၁၉၅၀ ပြည့်နှစ်ကပင် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းခဲ့သော နယ်နိမိတ်နှင့်ပတ်သက်သည့် သဘော တူညီချက် (Treaty) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် နယ်နိမိတ်ထိစပ်လျက် ရှိသည့် နိုင်ငံ (၁၄) နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ပထမဦးဆုံးနယ်နိမိတ်စာချုပ် ချုပ်ဆိုနိုင်သည့် အိမ်နီး ချင်းနိုင်ငံဖြစ်ပါသည်။ ထိုစာချုပ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက်သာမက အခြားသောနိုင်ငံများ အတွက်ပါ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တွန်းအားများပေးခဲ့သည့် စံပြသဘောတူညီချက်ဖြစ်ခဲ့ပါ သည်။

 

ထို့အပြင် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းသည် တစ်ဦးနှင့်တစ်ဦး တိုင်ပင်နှီးနှောမှု၊ တန်းတူရည်တူရှိမှု၊ အပြန်အလှန်စာနာမှုနှင့် နားလည် နိုင်မှုတို့အပေါ်အမှီပြု၍ မဖြစ်မနေဆောင်ရွက်ရမည့် သမိုင်းဝင်တာဝန်တစ်ရပ်ကို အပေးအယူမျှတစွာဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေး ရလဒ်ကောင်းတစ်ခုဖြစ်ပါသည်။

 

ကျွန်တော့်အနေဖြင့် နိုင်ငံခြားရေးဝန်ထမ်းအဖြစ် မိခင်မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိစ္စရပ်များကိုလည်း တာဝန်ယူခဲ့ရသည့် အတွေ့အကြုံရှိခဲ့ပါသည်။ ပိုင်နက် နယ်မြေများ နေရာချထားခြင်း (Allocation)၊ နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်ခြင်း (Delimitation)၊ နယ်နိမိတ် မျဉ်းကြောင်း တိုင်းတာသတ်မှတ်ခြင်း (Demarcation) နှင့် နယ်နိမိတ်မျဉ်းကြောင်းတစ်လျှောက်အား စီမံခန့်ခွဲ ခြင်း (Boundary Management) လုပ်ငန်းစဉ်များ၏ ပင်ပန်းခက်ခဲခြင်း၊ အချိန်ယူညှိနှိုင်းရခြင်း၊ လူသူ အရောက်အပေါက်နည်းပါးကာ ဝေးလံခေါင်သီသည့် ဒေသများတွင် ဆောင်ရွက်ရခြင်း၊ တာဝန်ယူရခြင်း၊ စွန့်စားရခြင်း၊ စိတ်ရှည်သည်းခံရခြင်းများအား ကောင်းစွာ သိရှိထားပါသည်။ ထိုစဉ်က ဘဘစစ်ဆင်ရေးအမည်ဖြင့် တစ်နှစ်တာအချိန်တိုကာလအတွင်း နှစ်နိုင်ငံနယ်နိမိတ် အရှည်ကီလိုမီတာ (၂၀၀၀) ကျော်၊ မိုင်အားဖြင့် (၁၃၀၀) ကျော်အား ညှိနှိုင်းတိုင်းတာသတ်မှတ်နိုင်ခဲ့ခြင်းမှာ များစွာ လေးစားအသိအမှတ်ပြုဖွယ်ရာ ဖြစ်ပါသည်။

 

သို့ဖြစ်၍လည်း ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က နယ်နိမိတ်သဘောတူစာချုပ် ချုပ်ဆိုနိုင် ရေးအတွက် “စေတနာမေတ္တာထက်သန်စွာဖြင့် ပူးတွဲ ဆောင်ရွက်မှုအတွက် ဂုဏ်ပြုသောအားဖြင့်” ဟူသည့် အသုံးအနှုန်းဖော်ပြချက်ဖြင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်းအား အဂ္ဂမဟာမေတ္တာသီရိဓရဘွဲ့နှင့် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချိန်ယိအား အဂ္ဂမဟာသရေစည်သူဘွဲ့များ ပေးအပ်ခဲ့ပါသည်။ နယ်နိမိတ်ပူးတွဲ ကော်မတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ သက်ဆိုင်သူများနှင့် ပါဝင်သူများကိုလည်း ဘွဲ့များ အသီးသီး ပေးအပ်ခဲ့ကြောင်းကို နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ဖော်ထုတ်တင်ပြအပ်ပါသည်။

 

ကမ္ဘာတည်သရွေ့

 

နှစ်နိုင်ငံအကြား နယ်နိမိတ်သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေး၊ စီးပွား ဆက်ဆံရေးမှသည် လူမှုရေးနှင့် ယဉ်ကျေးမှုအပါအဝင် ရှည်လျားသည့် နယ်နိမိတ်တစ်လျှောက် ပြည်သူများ၏ ကူးလူးဆက်ဆံမှုများ တိုးတက်များပြားလာခဲ့ပါသည်။ နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့် စီမံခန့်ခွဲ အုပ်ချုပ်မှုများ ဆောင်ရွက်ရန် လိုအပ်လာသည့်အလျောက် နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲရေးစာချုပ်ဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်ဒေသ စီမံခန့်ခွဲရေး သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့ပြီး နှစ်ဖက်နိုင်ငံ ခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့်များ ဦးဆောင်ကာ တစ်နိုင်ငံစီတွင် အလှည့်ကျနှစ်စဉ် ကျင်းပ လျက်ရှိပါသည်။

 

၁၉၆၁ ခုနှစ် နှစ်နိုင်ငံနယ်နိမိတ် သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် နယ်စပ်မှတ်တိုင်များ ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ အသစ်စိုက်ထူရေးနှင့် နယ်နိမိတ်မျဉ်းကြောင်း ထိန်းသိမ်းရေးတို့အတွက် နယ်နိမိတ်ပူးတွဲစစ်ဆေးမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှစတင်၍ ထပ်မံမပြုလုပ်နိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး ပမာဏမှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်အထိ ရောက်ရှိခဲ့ပြီး သမ္မတမစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေးဇုန်အတွက် နှစ်ဖက်သဘောတူခဲ့ရာ ဆက်လက်မြင့်တက်ဦးမည် ဖြစ်ပါသည်။ နှစ်ဖက်ကူးလူး ဆက်ဆံမှုများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာခဲ့ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းနှင့်အတူ နယ်စပ် တစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ် ပါသည်။ သို့ဖြစ်၍ နယ်နိမိတ်မျဉ်းကြောင်း ထင်ရှားပြတ်သား ရေးမှာ များစွာအရေးကြီးလာသည့်အလျောက် တတိယ အကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးရေးအတွက် ကြိုတင် ပြင်ဆင်ခြင်း အစည်းအဝေးများကို ကျွန်တော့်အနေဖြင့် နယ်နိမိတ်ကိစ္စရပ်များ တာဝန်ယူစဉ်က စတင်ခဲ့ရာ ယခု ဆိုလျှင် နယ်နိမိတ်မျဉ်းတစ်လျှောက် ကောင်းကင် ဓာတ်ပုံရိုက်ကူးခြင်းများ ပြီးဆုံးလုနီးပြီဟု သိရပါသည်။

 

နှစ်နိုင်ငံအကြားတွင် ရှည်လျားသည့် နယ်နိမိတ် တည်ရှိနေခြင်းသည် မြန်မာနှင့်တရုတ် အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံရေးတွင် အခြားသောနိုင်ငံများနှင့် မတူညီသည့် ထူးခြားသောအချက် တစ်ချက်ဖြစ်ပါသည်။ ထိုထူးခြား သည့်အချက်ကို နှစ်နိုင်ငံပြည်သူများက အခွင့်အရေး ကောင်းတစ်ရပ်အဖြစ် အမိအရဆုပ်ကိုင်နိုင်ခဲ့ကြပါသည်။ ပြည်သူချင်းချစ်ခင်ရင်းနှီးမှုကို ပိုမိုပုံဖော်နိုင်ခဲ့ကြပါသည်။ အိမ်နီးချင်းနိုင်ငံများဆိုသည်မှာ ရွေးချယ်၍မရသလို ရှောင်လွှဲ၍လည်းမရပါ။ အိမ်နီးချင်းနိုင်ငံများ ဖြစ်ခြင်း ကြောင့် ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားကြ ရမည်ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား ရှည်လျားသည့် နယ်နိမိတ်တည်ရှိနေခြင်းနှင့် နယ်နိမိတ်သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး အတွက် မည်မျှအရေးကြီးကြောင်းကို အထူးတလည် ထုတ်နုတ်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

 

ဆက်ဆံရေးအစဉ်အလာကောင်းအား လက်ဆင့်ကမ်း သယ်ဆောင် အဆင့်မြှင့်တင်ခြင်း

 

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်နောက်ပိုင်းမှစတင်၍ မူဝါဒအပြောင်းအလဲပြုလုပ်ခဲ့ကာ တံခါးဖွင့်ဝါဒ စတင် ကျင့်သုံးခဲ့ရာ ထို့နောက်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေး အစဉ်အလာကောင်းကို မှန်မှန်ဆက်လက်ဖွံ့ဖြိုးတိုးတက် စေနိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ချစ်ခင်ရင်းနှီးစွာ ဖြင့် ဆက်လက်ဆက်ဆံခဲ့ကာ စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီများ ပေးအပ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအား စတင်နိုင် ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် သန်လျင်တံတားအား ဖွင့်လှစ် နိုင်ခဲ့ကာ ၁၉၉၁ ခုနှစ်တွင် အမျိုးသားကဇာတ်ရုံကို လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်ခန့်မှအစပြု၍ စီးပွားရေး သိသာ ထင်ရှားစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုမြောက်မြားစွာ တရုတ်နိုင်ငံသို့ စီးဝင်ခဲ့ကာ တရုတ် နိုင်ငံသည် ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုအချက်အချာ ဖြစ်လာခဲ့ပါသည်။ ထိုနည်းတူ တရုတ်နိုင်ငံမှလည်း ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့ပြီး ကုန်သွယ်စီးပွားလုပ်ငန်းလည်း တစ်ဟုန်ထိုးများပြား လာခဲ့ရာ ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားဆက်သွယ်မှုများ ပြုလုပ်လာခဲ့ကြပါသည်။ မြန်မာ နိုင်ငံသည်လည်း အခြားသောနိုင်ငံများနည်းတူ သာမက တရုတ်နိုင်ငံ၏ အိမ်နီးချင်းဆက်ဆံရေး အစဉ်အလာကောင်း ရှိသည့် နိုင်ငံအနေဖြင့်လည်း စီးပွားရေးနှင့် ကဏ္ဍစုံတွင် ဆက်သွယ်ဆက်ဆံမှု တိုးတက်များပြားခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်ခဲ့ပြီး နောက် ၂၀၁၁ ခုနှစ် ဧပြီလတွင် မြန်မာအစိုးရသစ်အား အသိအမှတ်ပြုသည့်အနေဖြင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌ မစ္စတာကျားချင်လင်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ သမိုင်းကြောင်းအစဉ် အလာနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဖြစ်ထွန်းခဲ့သည့် မြန်မာ-တရုတ် ဆက်ဆံရေးသည် ၂၀၁၁ ခုနှစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများ ဆက်ဆံရေးအဆင့်သို့ တက်လှမ်းရောက်ရှိခဲ့ပါ သည်။ နှစ်နိုင်ငံအကြားတွင် ကဏ္ဍပေါင်းစုံ၌ မဟာဗျူဟာ ကျစွာ ပူးပေါင်းဆောင်ရွက်မှုများအား မိတ်ဖက်နိုင်ငံများ အနေဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

 

၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ကာ ၂၀၁၆ ခုနှစ် ဧပြီလတွင် အစိုးရသစ် တက်ရောက် လာပြီးနောက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်ကောင်စီ ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား မြန်မာနိုင်ငံ ၏ ပထမဦးဆုံးသောဧည့်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စေလွှတ်၍ အသိအမှတ်ပြုခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်လည်း အာဆီယံမဟုတ်သည့် နိုင်ငံများတွင် ပထမဦးဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း သွားရောက် ခဲ့ခြင်းဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးအစဉ်အလာကောင်း အား ဆက်လက်သယ်ဆောင်ခဲ့ပါသည်။

 

အဆိုပါ ခရီးစဉ်များအတွင်း နှစ်နိုင်ငံ၏ အရေးပါသည့် အဓိကအကျိုးစီးပွားများကို အပြန်အလှန်အသိအမှတ်ပြု ထောက်ခံသွားကြရန်အတွက် ထပ်လောင်းဆွေးနွေးသဘောတူညီခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် သမ္မတ မစ္စတာရှီကျင့်ဖျင် ကနဦးအဆိုပြုစတင်ခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်ခဲ့ပြီး အဆိုပါမူဘောင် အောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ သဘောတူညီချက် ကိုလည်း ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

 

နှစ်ပေါင်း(၇၀) မှသည် အပြန်အလှန် ဆက်လက်ထောက်ခံ ရပ်တည်သွားကြရမည့် အရေးကြီးသည့် အကျိုးစီးပွားများ

 

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် အချိန်မှအစပြု၍ တစ်နိုင်ငံ၏ ပြည်ပဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာနှင့် ပြည်တွင်းရေးရာ မူဝါဒများတွင် တစ်နိုင်ငံ က အပြန်အလှန် ရပ်တည်ထောက်ခံဆောင်ရွက်ပေးခဲ့ကြ ပါသည်။ ထိုကဲ့သို့ ရပ်တည်ထောက်ခံကြရာတွင် အပြန် အလှန် လေးစားမှု၊ တန်းတူရည်တူရှိမှုနှင့် နားလည်မှု တို့ကို အလေးထား အခြေခံခဲ့ကြပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ချက်အား တစ်သဝေ မတိမ်းလိုက်နာကာ နှစ် (၇၀) ဆက်ဆံရေးခရီးကို အတူ ယှဉ်တွဲလျှောက်လှမ်းခဲ့ကြပြီး ဆက်၍လည်း လျှောက်လှမ်း ကြရမည်ဖြစ်ပါသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ခဲ့ပြီး နောက် ၁၉၅၀ ပြည့်နှစ်ကျော်ကာလများ၌ တိုင်ဝမ်ကျွန်း ကိစ္စရပ်ပေါ်မူတည်၍ အခက်အခဲများဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသိစိတ်ဓာတ်ပြည့်ဝသော လူငယ် နိုင်ငံရေးသမားများက နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံအား အကူအညီများစွာ ပေးခဲ့ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကိုလည်း မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ်မတူညီသည့်နိုင်ငံများ တစ်နည်းအားဖြင့် ကွန်မြူနစ်မဟုတ်သည့် နိုင်ငံများ အနက် ကမ္ဘာတွင် ပထမဦးဆုံး အသိအမှတ်ပြုခြင်းဖြင့် အခြားသော တရုတ်နိုင်ငံနှင့် နိုင်ငံရေးစနစ်မတူညီသည့် အာရှနှင့် ကမ္ဘာ့နိုင်ငံများအတွက် တရုတ်နိုင်ငံသစ်အား အသိအမှတ်ပြုဆက်ဆံရန် လမ်းပြပေးနိုင်ခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၏အရေးကြီးသည့် အဓိကအကျိုး စီးပွားဖြစ်သော တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံခဲ့ပြီး ဆက်လက်ထောက်ခံလျက်ရှိပါသည်။

 

တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ နှင့်အတူ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ပြည်သူများ၏ စီးပွားရေး ပြည့်စုံကြွယ်ဝလာမှုများနှင့် တရုတ်နိုင်ငံ၏ အသင့်အတင့် ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းအား ဘက်ပေါင်းစုံမှ တည်ဆောက်ပြီးစီးအောင်မြင်ခဲ့သည်ကို မြန်မာနိုင်ငံက ဂုဏ်ယူအသိအမှတ်ပြုပါသည်။ မြန်မာ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ တံခါးဖွင့်ရေး (Opening Up)နှင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်သွားမည့် မူဝါဒများကိုလည်း အပြုသဘောဆောင်သည့် မှန်ကန်သောမူဝါဒအဖြစ် ခံယူထားပါသည်။

 

တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်ရင့်ကျက်မှု ပိုမိုရရှိ လာပြီး ထင်ရှားသည့် တိုးတက်အောင်မြင်မှုများအား ၂၀၂၁ ခုနှစ်မှသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင် ခြင်း နှစ် (၁၀၀) ပြည့်မြောက်မည့် ၂၀၄၉ ခုနှစ်တွင် လုံးဝ ဥဿုံပြည့်မြောက်ရေးဟူသော ရာပြည့်ပန်းတိုင်နှစ်ခု ရည်မှန်းချက် (The Two Centenary Goals) ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ထားပါ သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ နိုင်ငံတော်ပြန်လည် ဆန်းသစ်ရေး (National Rejuvenation)၊ ကမ္ဘာ့နိုင်ငံများ နှင့်အတူ လူသားအားလုံးအတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်နိုင်ရေး (Building a Community with a shared future for mankind) တို့သည် တစ်ကမ္ဘာလုံးအတွက် အပြုသဘောဆောင်သည့် တိုးတက်ဖွံ့ဖြိုးမှုအသစ်များကို ဆောင်ကြဉ်းပေးနိုင်မည် ဟုလည်း မျှော်လင့်ယုံကြည်ပါသည်။

 

(ဆက်လက်ဖော်ပြပါမည်)