ဆိုင်ကယ်ခိုးမှုများ ဖော်ထုတ်ဖမ်းဆီးနိုင်ရန်  ကင်းလှည့်ဆောင်ရွက်ရာမှ ကျပ် ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ

တာချီလိတ်  ၁၃   ဩဂုတ်

 

တာချီလိတ်မြို့တွင်း ဆိုင်ကယ်ပျောက်ဆုံးမှု များပြားနေသည့်အတွက် ကင်းလှည့်ဆောင်ရွက်ရာမှ ကျပ် ၇ ဒသမ ၅ ဘီလီယံခန့် တန်ဖိုးရှိသည့် အိုက်စ်များကို ယနေ့နံနက် အစောပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

 

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ဆိုင်ကယ်ခိုးမှုများ ဖော်ထုတ် ဖမ်းမိနိုင်ရေး ကင်းပုန်းဝပ် ဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေကမ်ဘာ ကားပြင်ဆိုင်ရှေ့တွင်  မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို စစ်ဆေးနေစဉ် နောက်မှ ပါလာသည့် ကားပေါ်မှ ယာဉ်မောင်းထွက်ပြေးသဖြင့် အဆိုပါကားကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့် အိုက်စ်မူးယစ်ဆေးပမာဏမှာ ၃၇၅ ကီလိုဂရမ်ခန့်ရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင် လာသူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပြီး  တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)