ဆိုင်ဘာလုံခြုံရေး - ကျွန်‌တော်တို့ အားလုံးမျှဝေ တာဝန်ယူခြင်း

ရေးသားသူ - ကိုအာကာညွန့်ဝေ၊ Head of Business Security, Technology Group

ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့နေမှုကြောင့် လူသားများသည် ယခင်ကာလများကဲ့သို့ အတူတကွ သွားလာနေထိုင် ပြောဆိုဆက်ဆံရန် မဖြစ်နိုင်သောကြောင့် နည်းပညာသည် ကမ္ဘာတစ်ဝန်းရှိ လူသားတိုင်းအတွက် အသက်ကယ်ဆေး ဖြစ်လာပါသည်။ ရောဂါဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာ ပြောဆိုဆက်ဆံပြုမူနေထိုင်ချိန်တွင် ဆိုင်ဘာဒိုမိန်းအတွင်း ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်လာရသည်။

 

မေလ ၁၇ ရက်နေ့သည် ကမ္ဘာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နေ့ (World Telecommunications and Information Society Day) ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ၁၈၆၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ တယ်လီဂရပ်ဖ်ညီလာခံတွင် လက်မှတ်ရေး ထိုးဖွဲ့စည်းခဲ့သော International Telecom-munication Union (ITU) ကို အစွဲပြု၍ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုနေ့မှ စတင်၍ ဆက်သွယ်ရေးကဏ္ဍသည် စိတ်ဝင်စား စရာကောင်းသော တီထွင်ဖန်တီးမှု တစ်ခုအဖြစ်မှ ကျွန်တော်တို့ အားလုံး၏ နေ့စဉ် ဘဝအတွက် မရှိမဖြစ် အရေးပါလာခဲ့သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ဘေးအန္တရာယ်မျိုးနှင့် အချိန်တွင်မူ ယခင်ကထက် များစွာပိုမို၍ အရေးပါလာခဲ့ပြီဖြစ်သည်။

 

ကျွန်တော်တို့အားလုံး ဖုန်းခေါ်ဆိုမှုများ၊ ဒေတာအသုံးပြုမှုများနှင့် အွန်လိုင်းဗီဒီယို အစည်းအဝေးများကို ပိုမိုပြုလုပ်လာကြသည် နှင့်အညီ ဆက်သွယ်ရေးကွန်ရက် ကျပ်တည်းမှုများကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လာရပြီး ထိုကြုံတွေ့မှုများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ် သည်။ ကျွန်တော်တို့ အွန်လိုင်းကို ပိုမိုအသုံးပြု လာသည်နှင့်အမျှ ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်သူများ သည်လည်း အွန်လိုင်းကို ယခင်ကထက် ပိုမိုအသုံးပြုလာကြသည်။ အီးမေးလ်မှတစ်ဆင့် လိမ်လည်ခြင်းများ၊ သတင်းအမှားများ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ လူစိတ်ဝင်စားမှုများသော အချက်အလက်များ စသည်ဖြင့် တိုက်ခိုက်၊ လိမ်လည်မှုများသည် ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်များ အတွင်း သိသိသာသာ များပြားလာခဲ့သည်။ ခက်ခဲပြီး စိန်ခေါ်မှုများ ရင်ဆိုင်ရသည့်အချိန် ကာလများသည် ရာဇဝတ်မှုကျူးလွန်သူများအတွက် ရွှေရောင်အခွင့်အရေးသဖွယ် ဖြစ်တည်လာပါသည်။

 

 

အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်၌ စတင်မိတ်ဆက်ခဲ့ပြီး ဆက်သွယ်ရေး ကဏ္ဍသည် ၂၀၁၃ ခုနှစ်တွင် ပိုမိုလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖြေလျှော့ပေးခြင်းခံရသည်။ ယနေ့ခေတ် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူများသည် နိုင်ငံ့လူဦးရေထက် ပိုမိုများပြားလျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင်ပင် အသုံးပြုသူ ၁၀ သန်းခန့် တိုးတက်များပြား လာခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလျင် မြန်ဆုံး တိုးတက်နေသော အင်တာနက် အသုံးပြုမှုများပြားသော ဒေသတစ်ခုဖြစ်သည် နှင့်အညီ နိုင်ငံလူဦးရေ ၁၀ ဦး အနက် ၄ ဦး သည် အင်တာနက်ဒေတာကို အသုံးပြုနေ ကြပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဆိုင်ဘာ ရာဇဝတ်မှု ၂ မှုသာ တိုင်ကြားမှုရှိခဲ့ရာမှ ငါးနှစ်အကြာတွင် တိုင်ကြားမှု ၇၄၄ မှုထိ ရှိလာခဲ့သည်။ Scanning နှင့် malware တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတွင် မကြာခဏ တိုင်ကြားခြင်း ခံနေရသော ဆိုင်ဘာရာဇဝတ်မှုများ ဖြစ်သည်။

 

ဆိုင်ဘာတိုက်ခိုက်ခံရမှုများကို လျှော့ချ ရန် နည်းပညာဖြင့် အများအပြားလုပ်ဆောင် နိုင်သော်လည်း ဆိုင်ဘာတိုက်ခိုက်မှုများ ခုခံကာကွယ်ရာတွင် အားအနည်းဆုံးအချက် သည် ကျွန်ုပ်တို့ လူသားများ (အထူးသဖြင့် အင်တာနက်အသုံးပြုသူများ) ပင် ဖြစ်နေ သည်။ ကျွန်ုပ်တို့လူသားများ၏ ပင်ကိုသဘော သဘာဝအရ ဆန္ဒ၊ စူးစမ်းချင်စိတ်များကြောင့် တောင်းဆိုချက် လှည့်ကွက်များကို လက်ခံ မိခြင်း သို့မဟုတ် ကလစ်နှိပ်လိုက်မိခြင်း တို့ဖြင့် လှည့်စားခြင်းခံရနိုင်သည်။ အောက် ဖော်ပြပါ အချက် ၇ ချက်သည် သင်နှင့် သင်ချစ်သောသူများကို ဆိုင်ဘာတိုက်ခိုက် ခံရမှုမှ ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်မည် ဖြစ်သည်။

 

အွန်လိုင်းမှ သတင်းအချက်အလက် များပေါ်တွင် သံသယထားရှိပါ - အကယ်၍ သတင်းအချက်အလက်များမှာ တုန်လှုပ် ချောက်ချားစရာ သို့မဟုတ် လက်ခံနိုင်ဖွယ်ရာ မရှိပါက ထိုသတင်းအချက်အလက်များသည် အတုအယောင်နှင့် သင်၏ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ရန် လုပ်ဆောင်ထားသော သတင်း များဖြစ်နိုင်သည်။ သတင်းရင်းမြစ်ကို သေချာ စစ်ဆေးပါ။

 

သင်လက်ခံရရှိသော ကမ်းလှမ်းမှုသည် မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းလွန်းနေပါက ထိုကမ်းလှမ်းမှုသည် အတုအယောင်ဖြစ်နေနိုင်သည်။ ထိုကမ်းလှမ်း ချက်ပို့ပေးသောသူကို သေချာစစ်ဆေးပါ။

 

အီးမေးလ်များတွင် ပါရှိသည့် လင့်ခ်များ သို့ ကြည့်ရှုရန် ခလုတ်မနှိပ်မီ ဝက်ဆိုဒ် (URL) နှင့် သင့်ထံ အီးမေးလ်ပို့သူ မှန်၊ မမှန်ကို သေချာစစ်ဆေးပါ။

 

သင်မသိသောသူမှ စာများပေးပို့လာပြီး ၎င်းနှင့်တွဲလျက်ပါလာသော ဖိုင်များကို ဖွင့်ကြည့်ရန် အတင်းတိုက်တွန်းနေပါက သတိထားပါ။

 

အသုံးပြုသူနာမည် (username)၊ လျှို့ဝှက်စကား (password) သို့မဟုတ် အကြွေးဝယ်ကတ် အချက်အလက်များ အသေးစိတ်တောင်းခံခြင်း သို့မဟုတ် ဖြည့်စွက်ရန် မေတ္တာရပ်ခံသည့် တောင်းဆို မှုများကို အစဉ်အမြဲသံသယထားရှိပါ။

 

မသင်္ကာစရာအပြုအမူများကို သတိထား မိပါက ထိုအကြောင်းကို သင်၏ ကွန်ရက်အား စီမံခန့်ခွဲပေးသူ သို့မဟုတ် အင်တာနက် ဝန်ဆောင်မှုပေးသူထံ အကြောင်းကြားပါ။

 

အင်တာနက် ကွန်ရက်လုံခြုံရေးနှင့် ပတ်သက်ပြီး ပို့ချသည့် သင်တန်းများကို တက်ရောက်ပါ။ သတင်းအချက်အလက်အသစ် များကို အမြဲသိနေအောင် နားစွင့်ထားပါ။

 

ကျွန်ုပ်တို့ တဖြည်းဖြည်းနှင့် မသိမသာ

မှီခိုအားထားလွန်းလာနေသော အင်တာနက် ဆက်သွယ်ရေး အခြေခံအဆောက်အအုံကြီး သည် မတည်ငြိမ်၊ မလုံခြုံ၊ စိတ်မချရ သို့မဟုတ် မယုံကြည်ရ ဖြစ်လာနိုင်မည်လား။ ထိုသို့ ဆိုပါက အခြေအနေများသည် လုံးဝ ကွဲပြားခြားနားသွားမည်ဖြစ်သည်။ ဒစ်ဂျစ် တယ် ကမ္ဘာကြီးသည် ပိုမိုဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ cyberspace နှင့် cloud solutions တို့တွင် အလွန်အရေးပါသော ဝန်ဆောင်မှုများကို ပိုမိုပေးစွမ်းလာပြီး ထိုအချက်များကို အခွင့်ကောင်းယူလျက် ဆိုင်ဘာရာဇဝတ်မှုနှင့် အခြားသော တရား မဝင်အပြုအမူများကို လုပ်ဆောင်ရန် အခွင့် အရေးတစ်ခုအဖြစ် အသုံးချနိုင်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့သည် လည်း အမြဲတမ်းရှိနေနိုင်မည်ဖြစ်သည်။

 

IBM X-force ၏ ၂၀၂၀ ပြည့်နှစ် စစ်တမ်း အရ ကမ္ဘာတစ်ဝန်းတွင် ဆိုင်ဘာတိုက်ခိုက် ခံရမှု မှတ်တမ်းပေါင်းသည် ၂၀၁၉ ခုနှစ် အတွင်း ၈ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။ Ramsomware ဖြင့် တိုက်ခိုက်ခံရမှုသည် နှစ်စဉ် စစ်ဆေးလေ့လာချက်များအရ ၂၀၁၉ ၏ စတုတ္ထ‌သုံးလတာ ကာလအတွင်း ၆၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ‌တွေ့ရှိခဲ့ရ သည်။ ဤသို့သော ဖြစ်စဉ်များသည် အစိုးရ မှသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် တယ်လီကွန်း စသည့် လုပ်ငန်း နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ကြုံတွေ့ နေရသည်။

 

ထို့ကြောင့် ဤကဲ့သို့ အရေးပါသည့် အခန်းကဏ္ဍမှ လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကျွန်ုပ်တို့၏ ကွန်ရက်များကို တိုက်ခိုက် ခံရပါက ခြေရာခံနိုင်ရန်၊ ခုခံတုံ့ပြန်နိုင်ရန် စသည့် ကွန်ရက်လုံခြုံရေးပိုင်း ပိုမိုကောင်းမွန် လာစေရန်အတွက် တယ်လီနောအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်တစ်ခုကို အကောင် အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။ အဆင့်မြင့် အပိုထပ်ဆောင်းဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ဆန်းပြားရှုပ်ထွေးသော တိုက်ခိုက်မှုများ သို့မဟုတ် အဆင့်မြင့် malware များ၏ရန်မှ ကာကွယ်ပေးနိုင်ရန် အတွက် သုံးစွဲသူများ၏ လုံခြုံမှုကို သေချာ အောင် လုပ်ဆောင်လျက်ရှိသည်။

 

ကျွန်ုပ်တို့ကိုယ်တိုင် ဦးဆောင်နေကြ ရသော ဒစ်ဂျစ်တယ် လူ့အသိုက်အဝန်းများ၊ ဒစ်ဂျစ်တယ် စီးပွားရေးများနှင့် ဒစ်ဂျစ်တယ် ဘဝများ လုံခြုံစိတ်ချရရေးကို သေချာစေဖို့ရန် ကျွန်ုပ်တို့ အားလုံး၌ တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည်လည်း မိမိကျရာတာဝန်ကို ကျေပွန်အောင် အကောင်းဆုံးထမ်းဆောင် သွားမည် ဖြစ်ပါသည်။ ပျော်ရွှင်စရာ တယ်လီ ကွန်းနေ့ ဖြစ်ပါစေ။ ။

 

စာရေးသူ ကိုယ်ရေးအကျဉ်း

၁၉၉၅ ခုနှစ် ဝန်းကျင်တွင် ရန်ကုန် နည်းပညာတက္ကသိုလ် (ယခင် RIT) တွင် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာဆည်းပူးနေဆဲကာလ၌ ထိုင်း နိုင်ငံ၊ Assumption University သို့ ပြောင်းရွှေ့ကာ ဘွဲ့ကြိုတန်းပြီးဆုံးအောင် တက်ရောက် ပညာသင်ကြားခဲ့သည်။ မိုးလေဝသနှင့် Wind Tunnel ဆိုင်ရာ ကိရိယာများနှင့် သက်ဆိုင်သည့် ထိုင်း ကုမ္ပဏီတစ်ခုတွင် ခြောက်နှစ်တာ လုပ်ကိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်း နိုင်ငံ Nokia Siemens Networks (ယခု Nokia) ၌ အလုပ်ဝင်ခဲ့ကာ OSS နှင့် SDM ထုတ်ကုန်များကို ပံ့ပိုးပေးသည့်ဌာန၌ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။ ၂၀၁၇ နှစ်ဆန်းပိုင်းမှ စတင်ပြီး တယ်လီနော မြန်မာ၏ ISIT စီမံကိန်းများ ကို ပံ့ပိုးပေးနိုင်ရန် စီမံကိန်းမန်နေဂျာ (PM) ဖြင့် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ နှစ်ဦးတွင် Business Security ဌာနကို လက်လွှဲရယူ ခဲ့ပြီး ယနေ့အချိန်အထိ ၎င်းဌာနတွင်ပင် တာဝန်များ ထမ်းဆောင်လျက်ရှိသည်။