ဆီးဂိမ်းပြိုင်ပွဲ၌ ကနူး/ကယက် အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိရန် မျှော်မှန်း

ရန်ကုန်   ဇန်နဝါရီ   ၁၄

 

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချူပ်မှ လှေလှော်ကစားသမား များသည် ကနူး/ကယက် အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

 

“ကနူးကယက်ကတော့ လေ့ကျင့်နေတဲ့ အကောင်းဆုံးစံချိန်ကို ပြိုင်ပွဲမှာ လှော်ခတ်နိုင်မယ်ဆိုရင် ရွှေကို မှန်းနိုင်တဲ့ အနေအထားမျိုးရှိတယ်။ အပြည်ပြည်ဆိုင်ရာလှေကတော့ အပွင့်လင်းဆုံးပြောရင် ရွှေတော့ မရနိုင်လောက်ဘူး”ဟု  မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောပြသည်။

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကနူးကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေ ပြိုင်ပွဲနှစ်မျိုးတွင် မြန်မာလှေလှော်အဖွဲ့က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချူပ်အနေဖြင့် ကနူးကယက်ပြိုင်ပွဲ၌ အားကစားသမား ၁၇ ဦး၊ နည်းပြ သုံးဦးဖြင့် တရုတ်နိုင်ငံ၌ စခန်းသွင်း လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ၌ ကစားသမား ၁၂ ဦးဖြင့် မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆီးဂိမ်းပြိုင်ပွဲတွင် ကနူးကယက် အားကစားနည်းပြိုင်ပွဲကို မေ ၁၇ ရက်မှ ၂၁ ရက်ထိ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ အားကစားနည်းပြိုင်ပွဲကို မေ ၉ ရက်မှ ၁၄ ရက်ထိ လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

အာကာလင်း