ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီး ဖူဆယ်အသင်းဖွဲ့စည်းရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆောင်ရွက်နေ

နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသစ်ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းများအတွက် နိုင်ငံတကာပြိုင်ပွဲ နည်းပါးသောကြောင့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်မှသာ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင်လည်း ဖူဆယ်ပြိုင်ပွဲ မပါဝင်သောကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲ မယှဉ်ပြိုင်ရတော့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်လက်ရွေးစင် အသင်းများ၏ ပြင်ဆင်မှုများနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ပြုလုပ်မည့် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ပြီး သုံးနှစ်ကျော်ကြာမှ ပြန်လည်ဖွဲ့စည်းရမည့် အမျိုးသမီးလက်ရွေးစင် အသင်းအတွက် နည်းပြခန့်အပ်ခြင်းနှင့် ကစားသမားများ ရှာဖွေခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်ခဲ့ကာ ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည်။

မြန်မာအမျိုးသား လက်ရွေးစင် ဖူဆယ်အသင်းမှာမူ အမျိုးသမီးအသင်းကဲ့သို့ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲ ရှားပါးခြင်း မရှိသည့်အပြင် နှစ်စဉ်နီးပါး အာဆီယံဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်နေရသောကြောင့် ပြိုင်ပွဲပြတ်သည့်နှစ် မရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင် အမျိုးသားအသင်းကို နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန် စီစဉ်လျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ