ဆီးဂိမ်းပိုက်ကျော်ခြင်း နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

  ဒီဇင်ဘာ

ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ၏ နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက ဆူဘစ်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အုပ်စုသုံးပွဲစလုံး အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများတွင် လာအိုနှင့် ဗီယက်နမ်တို့ကို အနိုင်ရကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် လာအိုအသင်းကိုနှစ်ပွဲ-တစ်ပွဲ၊ ဗီယက်နမ်အသင်းကို သုံးပွဲပြတ်တို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲဖြစ်သောကြောင့် သုံးသင်းခွဲ၍ ပွဲစဉ်သုံးခု ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၂ ရက်က ကျင်းပသည့် အုပ်စုပထမနေ့တွင် ကမ္ဘောဒီးယားအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရထားသည်။ အုပ်စုပွဲစဉ်များပြီးဆုံးသွားပြီဖြစ်ပြီး အုပ်စု(က)တွင် မြန်မာအသင်းက ပထမ၊ ဗီယက်နမ်အသင်းက ဒုတိယ၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှားအသင်းက ပထမ၊ ဖိလစ်ပိုင်အသင်းက ဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။ ဗိုလ်လုပွဲကိုမူ ညနေပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာ ၃ ရက်တွင် မုန်တိုင်းကြောင့် ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့သောကြောင့် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို တစ်ရက်တည်းကစားရခြင်းဖြစ်သည်။

ညီမြတ်သော်တာ