ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပမည်

၉  ဒီဇင်ဘာ

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် မနီလာမြို့ရှိ ရီဇယ်လ်အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာလုပွဲ ကစားရမည်ဖြစ်သည်။

 

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် တတိယနေရာလုပွဲအဖြစ် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အုပ်စုတွင်းပြိုင်ဘက်များ ပြန်လည်တွေ့ဆုံခြင်း ဖြစ်ပြီး ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း တတိယနေရာရယူနိုင်ရန် ကမ္ဘောဒီးယားကို အနိုင်ကစားရမည်ဖြစ်သည်။ ကမ္ဘောဒီးယားအသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို လေးဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ခြေစွမ်းပိုင်းကောင်းမွန်နေရာ မြန်မာအသင်းအနေဖြင့် ကြေးဆုရယူနိုင်ရန် ပေါ့ဆ၍ မရသည့် အနေအထားဖြစ်နေသည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားအသင်းကို အချိန်ပိုတွင် လေးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းတွင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည် မဟုတ်ဘဲ ခံစစ်လိုအပ်ချက်များကို ပြင်ဆင်နိုင်မှ ရလဒ်ကောင်းမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်