ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၃ ရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်

ဆီဆိုင်    ၁၃ သြဂုတ်


    
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ အသက်(၁၈)နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၁၃ ရက်အထိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း(၃၃)ရွာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၈၆)ခုကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် လွယ်ပွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာဖြစ်သည့် ပန်လုံခ၊ လိုက်ပေး(မြောက်)၊ လိုက်ပေ(တောင်)၊ ထီလုံဆူ၊ တွေပူး၊ ကောင်ကေနှင့် ကောင်ဝါးတောင်ကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၁၂)ခု၊ နားသံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာဖြစ်သည့် နားပုံး၊ ကုန်းစိမ်း၊ နားမွန်း၊ နားယိန်း၊ ကုန်းလမ်း၊ ပန်လိုင်း၊ မဲ့ဘောင်နှင့် ပချားကလိုကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၀)ခု၊ နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာဖြစ်သည့် ဘုရားဖြူ၊ ဝါးတော၊ ဟော်တောင်၊ ဟော်မြောက်၊ ပန်လိုင်း၊ ပုံးလောင်း၊ တခေါ့ခွန်၊ နားမွန်းနှင့် နောင်အယ်ကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၆၀)ခု၊ နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာဖြစ်သည့် ထမ့်ယမ်း(ပေါ်)၊ ထမ့်ယမ်းတောင်၊ လပ်တိုင်၊ ထီတန်း၊ ပန်ဟိုင်း၊ ဝမ်တီး၊ သီဟိုနှင့် တနိုင်းမွန်းကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၄)ခု၊ စုစုပေါင်း ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျေးရွာ(၃၃)ရွာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၈၆)ခုကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော ကျေးရွာအုပ်စုများသို့လည်း စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဆီဆိုင်မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်းထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)