ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆေးရုံဆင်းလူနာများ၏ စိတ်ကျေနပ်မှုအခြေအနေ ဆန်းစစ်မှု စစ်တမ်းတွေ့ရှိချက်များ တင်ပြဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ၆  ဇူလိုင် 

ဆေးရုံဆင်း လူနာများအား ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆေးရုံဆင်းလူနာများ၏ စိတ်ကျေနပ်မှုအခြေအနေဆန်းစစ်မှု စစ်တမ်းတွေ့ရှိချက်များ တင်ပြဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆေးရုံများတွင် ဆေးကုသမှုလုပ်ငန်းသာမက ဆေးဘက်ဆိုင်ရာလူမှုရေး ဝန်ဆောင်မှုများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပြီး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဆေးရုံ၏ ပုံရိပ်ပင်ဖြစ်ပါကြောင်း၊ ဆေးရုံ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆေးရုံဆင်းလူနာများ၏ စိတ်ကျေနပ်မှုအခြေအနေ ဆန်းစစ်မှုစစ်တမ်းအား ယခုကဲ့သို့ကောက်ယူရာတွင် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ စစ်တမ်းအား ဝန်ကြီးဌာနရှိ ဗဟိုအဆင့်ဆေးရုံကြီး (၂၄) ရုံ၊ အထူးကုဆေးရုံကြီး (၁၅) ရုံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီး (၄၀) ရုံ၊ ခရိုင်/ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံ (၃၄) ရုံ တို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဤမျှ အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ခြင်းသည် ဤဝန်ကြီးဌာန၏ နှစ်ပေါင်းများစွာကာလအတွင်း ပထမ ဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

အလားတူ ဆေးရုံရှိ ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ခန်းများ၊ အရိုးအဆစ် ပြန်လည်သန်စွမ်းရေးဌာနများ အစရှိသည်တို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသုံးချသုတေသန အမြန်ဆုံးဆောင်ရွက်စေလိုပြီး ထိုသို့ဆောင်ရွက်ရန်အတွက် သုတေသနရန်ပုံငွေများ ဝန်ကြီးဌာနတွင် အလုံအလောက်ရှိပါကြောင်း၊ ထိုသို့သော စစ်တမ်းကောက်ယူမှုမှတစ်ဆင့် လက်တွေ့မြေပြင်အခြေအနေများ၊ ပြည်သူများ၏ အသံနှင့် ပြည်သူများ၏ စိတ်ကျေနပ်မှုအခြေအနေကို သိရှိနိုင်ပြီး မိမိတို့ဆေးရုံများ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ (၂၀၁၉) ခုနှစ်အတွင်းက ဝန်ကြီးဌာန၏ ဆေးရုံများတွင် အတွင်းလူနာပေါင်း (၃ ဒသမ ၁၅) သန်းကျော် တက်ရောက်ကုသမှုခံ ယူခဲ့ပြီး ပြင်ပ လူနာအဖြစ်ပြသမှုအကြိမ်ရေ (၁၁ ဒသမ ၉၂) သန်းကျော်နှင့် ပြည်သူ့ ကျန်းမာရေးဆေးခန်းများတွင် လာရောက်ပြသမှု အကြိမ်ရေ (၂၄ ဒသမ ၁၁) သန်းကျော်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ကုသမှုလုပ်ငန်းများ ယခင်ကထက် ပိုမိုကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကုသမှုအထောက်အကူပြုပညာရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး ကျန်းမာရေး အာမခံစနစ်ကောင်းတစ်ခုလည်း မရှိသေးသဖြင့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးအပ်ရန် လိုအပ်ချက်များရှိနေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှစတင်၍ ဆေးရုံများတွင် ဆေးလူမှုဝန်ထမ်းများအရေအတွက် ပိုမိုတိုးမြှင့်ခန့်ထားပေးခဲ့ပြီး ဆေးရုံဧည့်ကြို ဝန်ထမ်းများကိုလည်း အသစ်ခန့်အပ်ခဲ့ပါကြောင်း၊ ဆေးရုံဧည့်ကြိုဝန်ထမ်းလုပ်ငန်း ဆရာဖြစ်သင်တန်းများနှင့် မွမ်းမံသင်တန်း မြောက်များစွာကိုလည်း လက်တွေ့သင်တန်းများပြုလုပ်ခဲ့သည့်အပြင် ဆေးရုံဧည့်ကြို ဝန်ထမ်းလုပ်ငန်း လမ်းညွှန်ကိုလည်း (၂၀၁၇) ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ယခု (၂၀၂၀-၂၁)ခုနှစ်တွင် အသစ်မွမ်းမံ၍ ထုတ်ဝေမည်ဖြစ်ပါ ကြောင်း၊ အဆိုပါလမ်းညွှန်စာအုပ်မှ အချက်များနှင့်များ၏ အခန်းကဏ္ဍအား စစ်တမ်းတွေ့ရှိချက်များနှင့် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရေးအတွက် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်စေလိုပါကြောင်း၊ ထိုသို့မွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင် အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း။

ဆေးလူမှုဝန်ထမ်းများ၏ ဆက်သွယ်ပြောဆိုရေးစွမ်းရည်များ ပိုမိုကောင်းမွန်စေရန်အတွက်လည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူနာများဆေးရုံဆင်းချိန်တွင် ယခုမိမိတို့ ကျင့်သုံးလျက်ရှိသည့် ပညာပေးပြောကြားခြင်းသည် အလွန်အရေးကြီးပါကြောင်း၊ လူနာများအား ဆေးရုံဆင်းချိန်တွင် ဆက်လက်သောက်သုံးရမည့် ဆေးများ၊ သောက်သုံးမှု ပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ၊ ဆေးရုံတက်ခဲ့ရသော ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာ ဗဟုသုတများကို အသိပညာပေးဟော ပြောမှုများအပြင် လူနာများနှင့် လူနာစောင့်များမှ လက်ကိုင်ဖုန်းများတွင် အလွယ်တကူကြည့်ရှု နိုင်ရန် ဆေးရုံများတွင် QR Code များ ကပ်ထားရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန် စေရေးနှင့် လူနာများ ပိုမိုအဆင်ပြေစေရေးအတွက်များအား ပိုမိုတိုးမြှင့်ခန့်ထားမည်ဖြစ်ပြီး အမြဲတမ်းဝန်ထမ်းများ အဖြစ်ဦးစားပေး ခန့်ထားမည်ဖြစ်ပါကြောင်း၊ ဆေးလူမှုဆက်ဆံရေးကဏ္ဍ၏ အရေးကြီးမှုနှင့် လုပ်ငန်းစဉ်များဆိုင်ရာ အကြောင်းအရာများကိုလည်း ဆေးတက္ကသိုလ်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ် တို့၏ သင်ရိုးညွှန်းတမ်းတွင် အချိန်အခါ၏ လိုအပ်ချက်အပေါ်မူတည်၍ ပိုမိုတိကျစွာ ပြုစုထည့်သွင်းပြီး သင်ကြား ရမည်ဖြစ်ပါကြောင်း၊ ဤစစ်တမ်း၏ တွေ့ရှိချက်အရ ပြည်သူများ၏ အများဆုံးလိုအပ်ချက်မှာ ဆေးရုံရှိလူနာများ ရေချိုးခန်းနှင့် သန့်စင်ခန်းများ ပိုမိုသန့်ရှင်းရေးအား လိုလားသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဤကိစ္စကို တစ်ပြည်လုံးအတိုင်းတာအနေဖြင့် ဦးစားပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဤစစ်တမ်းအရ လူနာများနှင့် ပြည်သူများ၏ လိုအပ်ချက်ကို သိရှိသော်လည်း ဆေးရုံတက်ရောက်စဉ်၌ လူနာနှင့် လူနာစောင့်များ၏ တာဝန်ကိုလည်း ဆေးရုံများ၌ ချိတ်ဆွဲထားသဖြင့် ၎င်းပါအချက်များကို လူနာနှင့် လူနာစောင့်များတိကျစွာ လိုက်နာရမည်ကို ဆော်ဩရမည်ဖြစ်ပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူနာထုအကျိုးရှိရန်အတွက် ယခုလက်ရှိတွင် လူနာဘေးကင်းလုံခြုံမှုနှင့် ဆေးရုံတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းတို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါကြောင်း၊ ဆေးရုံများ၏ ဝန်ဆောင်မှုပိုမို ကောင်းမွန်စေရေးနှင့် လူနာများ ပိုမိုအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများမှ အစီအစဉ်ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပြီး ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကုသမှုအထောက်အကူပြုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု) ဒေါ်နန်းခင်မာလေးက ဆေးလူမှု ဆက်ဆံရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံဆင်း လူနာများအားဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများနှင့် ဝန်ကြီးဌာနရှိ ဗဟိုအဆင့် ဆေးရုံကြီးများ၊ အထူးကုဆေးရုံကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီးများ၊ ခရိုင်/ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံများတွင် (၂၀၁၉) ခုနှစ်အတွင်း ဖြေဆိုသူ ဆေးရုံဆင်းလူနာ (၈) သိန်းကျော်ထံမှ ကောက်ယူခဲ့သည့် ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ လူနာများစိတ်ကျေနပ်မှုအခြေအနေ ဆန်းစစ်မှု စစ်တမ်းတွေ့ရှိချက်များအား အသေးစိတ်တင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဗဟိုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံများမှ ဆေးရုံအုပ်ကြီးများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြသည်။ 

သတင်းစဉ်