ဆေးရုံသို့ အချိန်မီမရောက်သောကြောင့် သေဆုံးသူများပြားသဖြင့် သံသယရှိပါက ဆေးရုံသို့ ပြသရန်တိုက်တွန်း

မန္တလေး၊  ၂၃  ဇန်နဝါရီ

COVID-19 ရောဂါဖြင့် သေဆုံးပြီးမှ ဆေးရုံရောက်ရှိလာသူ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၁၀ ရာခိုင်နှုန်း ရှိသောကြောင့် သံသယရှိပါက ဆေးရုံသို့ပြသရန် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉)ပိုးတွေ့ရှိသူ (၁၃၀,၆၀၄)ဦးတွင် ၆၃ ရာခိုင်နှုန်းခန့်မှာ ရောဂါလက္ခဏာမပြသောကြောင့် ပြည်သူလူထုအနေဖြင့် ဂရုပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

"ကိုယ့်မိသားစုထဲမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြနေရင် စောစောစီးစီး ဆေးရုံဆေးခန်းကိုပြဖို့ ထည့်သွင်းပြောကြားလိုပါတယ် " ဟု ဒေါက်တာသန်းသန်းမြင့်က  ပြောသည်။

ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူများအနက် သေဆုံးပြီးမှ ဆေးရုံရောက်ရှိသူ ၁၀ ရာခိုင်နှုန်း၊ ဆေးရုံသို့ ရောက်ရှိပြီး ၂၄ နာရီအတွင်း သေဆုံးသူ ၂၁ ရာခိုင်နှုန်းရှိသည့်အတွက် သေဆုံးသူများ၏ ၃၁ ရာခိုင်နှုန်းမှာ ဆေးရုံသို့ အချိန်မီမရောက်ရှိခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဖြိုးအိ