ဆောင်းတွင်းမှာဂရုပြုစရာ

မမမေ

ဆောင်းတွင်းမှာသူများကိုလည်း မထိခိုက်ဘဲ ချစ်စဖွယ်အလေ့အထကောင်းတွေကို လုပ်ဆောင်ကြရဖို့ မမက ဒီတစ်ပတ်တော့ အကြံပြုချင်တာတွေရှိပါတယ်။ ကလေးတို့က ကျောင်းပိတ်ရက်တွေကို ဖြတ်သန်းရင်း အိမ်မှာဖြစ်ဖြစ်၊ ခရီးသွားရင်းဖြစ်ဖြစ် ယဉ်ကျေးပျူငှာတဲ့ အမူအရာလေးတွေ ဖော်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

အနွေးထည်တွေဘယ်လိုသိမ်း

အနွေးထည်တွေ၊ လက်အိတ်တွေနဲ့ ခေါင်းစွပ်တွေက ဆောင်းတွင်းမှာ ကလေးတို့ မရှိမဖြစ် ဝတ်ဆင်နေကြရတဲ့ ပစ္စည်းလေးတွေပေါ့။ အနွေးထည်တွေရဲ့ အနားတွေက မည်းညစ်ပြီး ပေကျံနေမယ်ဆိုရင် ကလေးတို့ သဘောကျပါ့မလား။ မမကတော့ မကြိုက်ပါဘူး။ မမလိုပဲသူများတွေကလည်း ကလေးတို့ကို ညစ်ပတ်တဲ့ကလေးတွေလို့ ထင်ကြမှာပေါ့။ ထင်ရုံသာမကပါဘူး၊ ကလေးတို့ အဝတ် အထည်တွေကထွက်တဲ့ မှိုနံ့တွေ၊ ချွေးနံ့တွေကြောင့်လည်း သူများကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အနွေးထည်တွေနဲ့ ဆောင်းတွင်းအဝတ်အစားတွေ အားလုံး ကို မကြာခဏနေပြတာ၊ လျှော်ဖွပ်တာနဲ့ သပ်သပ်ရပ်ရပ် သိမ်းဆည်းတာတွေ ပြုလုပ်ရမှာပါ။

ကျန်းမာရေးဂရုစိုက်

အေးမြတာကြောင့် ဆောင်းရာသီမှာ အအေးမိနှာစေးတာမျိုး မကြာခဏဖြစ်တတ်ပါတယ်။ အဲဒီလို မကြာခဏ ဖြစ်တဲ့အတွက် အဆုတ်ရောင်တာ၊ လေပြွန်ရောင်ရမ်းတာ စတဲ့ရောဂါဆိုးတွေလည်း ဝင်လာတတ်ပါတယ်။ ကိုယ်တိုင်လည်း ရောဂါမဖြစ်အောင် နေထိုင်သင့်တဲ့အပြင် ကလေးတို့ရဲ့ နှာရည်တွေ၊ သလိပ်တွေနဲ့ နှာချေတဲ့အခါ ပြန့်ပွားသွားမယ့် အအေးမိရောဂါပိုးမွှားလေးတွေကြောင့် သူများ ကို ထိခိုက်ကူးစက်နိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပြီး ကိုယ်တိုင်လည်း ရောဂါမဝင်အောင်၊ သူများကိုလည်း ရောဂါမကူးစက်နိုင်အောင်ဆင်ခြင်ရမှာ ဖြစ်ပါတယ်။

အရေပြားကျန်းမာရေးကာကွယ်

ဆောင်းတွင်းမှာ ကလေးတို့ အရေပြားလေးတွေ ယားယံတာ၊ အရေခွံတွေ ကွာကျတာနဲ့ ခေါင်းမှာ ဗောက်လို အရာတွေ ရှိနေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဆောင်းရာသီဟာ အရေပြားတွေကို ခြောက်သွေ့တတ်ပြီး မှိုစွဲကပ်တာမို့ အရေခွံတွေ ကွာတာမျိုးနဲ့ ယားယံတာမျိုးတွေဖြစ်ပြီး ကူးစက်တတ်တဲ့ ယားနာတွေအထိ ဖြစ်သွားတတ်ပါတယ်။ သူများဆီကလည်း ကိုယ့်ကို မကူးစက်ဘဲ ကိုယ်တိုင် ကလည်း ရောဂါကင်းရှင်းအောင်၊ သူများကို မကူးအောင် ကလေးတို့က အချဉ်ဓာတ်ပါတာတွေ စားသုံးတာ၊ ရေဓာတ် မခန်းခြောက်အောင် ရေများများသောက်တာ၊ အုန်းဆီ၊ သံလွင်ဆီလို သဘာဝဆီတွေလိမ်းတာမျိုး ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ လှပသန့်ရှင်းပြီး မြင်သူတိုင်းကို ကျေနပ်မှုပေးနိုင်မယ့် ကလေးလေးတွေဖြစ်လာပြီး သူများကိုလည်း ရောဂါဘယတွေ၊ စိတ်မသက်သာ ဖြစ်စေတာတွေ မပေး ဖြစ်တော့ဘူးပေါ့။ ။