ဆောင်းသီးနှံကုလားပဲများ မန္တလေး ဈေးကွက်သို့ လှိုင်လှိုင် ဝင်ရောက်လာ

မန္တလေး ၁၄  ဖေဖော်ဝါရီ

 

ဆောင်းသီးနှံအဖြစ် ဇန်နဝါရီလကုန်ပိုင်းမှ စတင်ထွက်ရှိလာသည့် ကုလားပဲ အုပ်စုဝင် V2, V7, 929 နှင့် ထိုင်ဝမ် ကုလားပဲများ ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါပဲများကို ပြည်တွင်း၌ အဓိကစားသုံးရန် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ ပုသိမ်ကြီး၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်များမှ အစောဆုံးထွက်ရှိလာသည်။ အများဆုံး ထွက်ရှိသည့် V2 အမျိုးအစား ကုလားပဲမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ရှစ်သောင်းနှုန်းဖြင့် အဖွင့်ဈေး စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် ပေါက်ဈေးမှာ ခုနစ်သောင်း ငါးထောင်ကျပ်နှုန်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

5

 

“ကုလားပဲသီးနှံက အဓိက ပြည်တွင်းမှာပဲ စားသုံးကြတာပါ။ ဒီပဲထွက်တဲ့အချိန်က ပြည်တွင်းမှာ အလှူ အတန်းတွေ ပေါများတဲ့ ရာသီချိန်ဖြစ်လို့ လှူဒါန်းကျွေးမွေးမှုမှာ မပါမဖြစ်တဲ့ ပဲအမျိုးအစားအဖြစ် အရောင်းသွက်နေတယ်။ ဒီနှစ်က အထွက်နှုန်းကလည်း ကောင်းတဲ့အပြင် ပြည်တွင်း လှောင် သမားတွေကလည်း ဝယ်ပြီး လှောင်ထားဖို့ စောင့်ကြည့်နေကြတဲ့ ကာလဖြစ်တယ်။ ဒါကြောင့် လက်ရှိမှာ ပဲခွဲစက်တွေကပဲ ဝယ်ယူနေကြတဲ့အတွက် ဈေးကျနေတာပါ။ ဒါပေမယ့် ဈေးကွက်ထဲ ဝင်လာသမျှ ကုလားပဲတွေကတော့ အရောင်းသွက်နေတဲ့အတွက် လက်ရှိပေါက်ဈေးထက် ဈေးကျဖို့ မရှိတော့ဘူး ''ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် ဈေးကွက်အတွင်း၌ ကုလားပဲအုပ်စုဝင် ပဲများဖြစ်သည့် V2 မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ခုနစ်သောင်းငါးထောင်နှုန်းဖြင့် လည်းကောင်း၊ V7 မှာ ခုနစ်သောင်း လေးထာင်ကျပ်နှုန်းဖြင့် လည်းကောင်း၊ 929 ပဲ အမျိုးအစားမှာ ခုနစ်သောင်း ခုနစ်ထောင်ကျပ်နှုန်းဖြင့် လည်းကောင်း၊ ထိုင်ဝမ်ပဲ အမျိုးအစားမှာ ခုနစ်သောင်း ခုနစ်ထောင်ကျပ်နှုန်းဖြင့်လည်းကောင်း အရောင်းသွက်လျက်ရှိပြီး ၎င်းပဲအမျိုးအစားများအနက် ထိုင်းဝမ်နှင့် V7 ပဲများကို အိန္ဒိယဝယ်လက်များမှလည်း ဝယ်ယူလေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

အဆိုပါ ကုလားပဲအုပ်စုဝင် ပဲများကို ပြည်တွင်း၌ မြန်မာ့ရိုးရာအစားအစာ ထုတ်လုပ်ရာတွင် အများဆုံးထည့်သွင်း အသုံးပြုလျက်ရှိပြီး လာမည့် မတ်လအတွင်း၌ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ ၎င်းပဲအမျိုးအစားများ ထပ်မံထွက်ရှိကာ ဈေးကွက်သို့ ဝင်ရောက်လာတော့ မည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)