ဆောင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် သံဖြူလုပ်ငန်းလုပ်ကိုင်သူများ  ကြက်မီးကိုင် အုပ်ဆောင်းများကိုလည်း တွဲဖက်ပြုလုပ်

မန္တလေး ၂၆  နိုဝင်ဘာ

မန္တလေးမြို့နှင့်အနီးတွင် အခြေခံအသုံးပြုသော အိမ်တွင်းမှုပစ္စည်းအများစုကို သံဖြူလုပ်ငန်းများမှ တွင်ကျယ်စွာပြုလုပ် ရောင်းချလျက်ရှိသည်။ သံဖြူလုပ်ငန်းလုပ်ကိုင်သူများသည် သံပြားကုန်ကြမ်းကို တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်းကာ  အိမ်တွင်းမှုကုန်ပစ္စည်းများကို  ပြုလုပ်ရောင်းချကြရာ အခြေခံအိမ်သုံးပစ္စည်းများဖြစ်သည့်  ရေပုံး၊ ရေနွေးအိုး၊ ပိဿာခွက်၊ စိုက်ပျိုးရေးသုံး ရေပန်းပုံးများ၊ သံသေတ္တာမှအစ အခြားပစ္စည်းများကို အဓိကပြုလုပ် ရောင်းချကြသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ သံဖြူလုပ်ငန်းများမှာ ကြက်မွေးမြူရေးခြံများနှင့် ဆက်စပ်ကာ ကြက်မီးအုပ်ဆောင်းများကို တွဲဖက်ပြုလုပ်လျက်ရှိသည်။ ကြက်မီးပုံးများမှာ ဆောင်းတွင်းပိုင်း ကြက်မွေးမြူရေးလုပ်ငန်းတွင် ကြက်မီးကိုင်ပုံးများအဖြစ် အဓိကအသုံးပြုကြသည်။ ကြက်မီးပုံးများပြုလုပ်ရန် ကုန်ကြမ်းအဖြစ် သံပြား / သွပ်ပြားများကို သွပ်အရောင်းဆိုင်ကြီးများမှ သွပ်ဖြတ်တိုများကို ဝယ်ယူအသုံးပြုကြသည်။ လက်ရှိကာလ ဆောင်းဝင်ပြီဖြစ်သည့်အတွက် ကြက်မီးကိုင်ပုံးများနှင့် အိမ်သုံးပစ္စည်းများကို တွဲဖက်လုပ်ကိုင်နေရသည်။

ကြက်မီးပုံးများကို မွေးမြူရေးကုမ္ပဏီသို့ ဖောက်သည်သွင်းသည့်ဈေးနှုန်းမှာ တစ်ပုံးလျှင် ငွေကျပ် ၃၅၀၀ ဖြင့် ဖောက်သည်သွင်းကြသည်။ ကြက်မီးပုံးများကို မွေးမြူရေးကုမ္ပဏီများက လိုအပ်သည့်အချိန် မှာယူသည့်အတွက် မီးပုံးများကို ကြိုတင်ပြုလုပ်ပေးထားရသည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် လူနည်းနည်းဖြင့် တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြသည်။ တစ်နေ့လျှင် လူသုံးယောက်လုပ်ပါက ကြက်မီးပုံး (၃၅) လုံးအထိ ပြီးစီးသည်။ ကြက်မီးပုံးပြုလုပ်မှုမှာ အပေါက်ဖောက်ခြင်း ကိုင်းတပ်ခြင်း အဖုံးတပ်ခြင်း၊ ပုံးခွေခြင်း သွပ်ကြိုးထည့်ခြင်းများဖြင့် လက်ဝင်လှသည်။ ကြက်မီးပုံးတစ်လုံးလျှင် အနည်းဆုံးအပေါက် ၃၅၃ ပေါက်အထိ ဖောက်ပေးရသည်။

လက်ရှိကာလတွင် ကြက်မီးပုံးများနှင့်အတူ ကရားအိုးများနှင့် အခြားပစ္စည်းများကိုပါ တစ်နှစ်ပတ်လုံး တွင်ကျယ်စွာ ပြုလုပ်ရောင်းချကြသည်။ ကရားအိုး ရှစ်လက်မအိုးတစ်လုံးလျှင် ငွေကျပ် ၃၅၀၀၊ ရေပန်းတစ်စုံ/ ဆယ်ဝင်ပုံးတစ်စုံလျှင် ငွေကျပ် ၈၀၀၀၊ ရှစ်ပိဿာဝင်ပုံး ရေပန်းတစ်စုံလျှင် ငွေကျပ် ၇၀၀၀ ဖြင့်ရောင်းချသည်။ ကရားနှင့် ရေပန်းပုံးများမှာ သွပ် အထူအပါးအလိုက် ဈေးနှုန်း အပြောင်းအလဲရှိသည်။ အများအားဖြင့် သံသေတ္တာကိုလည်း တွင်ကျယ်စွာပြုလုပ်ရောင်းချရာ  သံသေတ္တာအကြီး အထူတစ်လုံးလျှင် ငွေကျပ် ၂၅၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

တိမ်တမန်