ဆောင်းရာသီမှာ ရေပူရေနွေးလေးနဲ့ ရေချိုးကြမယ်

ဒီရက်ပိုင်းတွေမှာ သိသိသာသာ အေးလာတာ ခံစားမိမှာပါ။ ဆောင်းတွင်းမှာ လူတွေ မကြာခဏ လုပ်တတ်ကြတဲ့ အမှားကတော့ ရာသီဥတုအေးလို့ ရေမချိုးကြတာပါပဲ။ တချို့တွေကလည်း ရေပူနဲ့ ချိုးရင် အသားအရေခြောက်မှာ၊ အရေပြားဆဲလ်တွေကို ထိခိုက်မှာ ကြောက်တတ်ကြပါတယ်။

 

ရာသီဥတုအေးလို့ ရေမချိုးပဲ နေတော့မှာလား

 

ရေမချိုးရင် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အတွက် ကိုယ်ခန္ဓါမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွား လာပြီး အနံ့အသက်တွေ ထွက်လာနိုင်ပါတယ်။ ရေပူ၊ ရေအေးနဲ့ ချိုးတာထက် ရေနွေးလေးနဲ့ ချိုးပေးတာက ကိုယ်ခန္ဓါကို သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။ အသားအရေခြောက်သွေ့တာလည်း မဖြစ်စေပါဘူး။

 

ရေပူရေနွေးလေးနဲ့ ချိုးပေးတဲ့အခါ ဘာကောင်းကျိုးတွေ ရနိုင်လဲ

 

၁။ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်

 

ရေပူရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်နာကျင်ခြင်းကို ပြေလျော့စေပြီး သွေးလည် ပတ်မှုကို ကောင်းစေပါတယ်။ တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေတယ်။ ၅မိနစ်လောက် ရေနွေးလေးနဲ့ ရေချိုးပေးခြင်းဖြင့် ဒဏ်ရာတွေ၊ နာကျင်မှုတွေကို သက်သာစေပြီး အနာကျက်လည်း မြန်စေနိုင်ပါတယ်။

 

၂။ ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်

ရေပူရေနွေးဟာ ချွေးပေါက်ထဲမှာ ပိတ်ငြိနေတဲ့ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်တွေကို ပွင့်စေတယ်။ ရေနွေးလေးနဲ့ ချိုးပြီး ရေအေးလေးနဲ့ ပြန်လောင်းပေးလိုက်ရင် စိတ်ကို ကြည်လင်စေပြီး အေးမြလန်းဆန်းစေပါတယ်။

 

၃။ သွေးပူစေတယ်

 

ရာသီဥတုက အေးလာတဲ့အချိန်မှာ လူတော်တော်များများက ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရမယ့်အစား ငြိမ်ငြိမ်သက်သက်လေး နေချင်ကြပါတယ်။ ရေနွေးလေးနဲ့ ရေချိုးပေးလိုက်ရင် သွေးပူစေပြီး စိတ်ကို နိုးကြားတက်ကြွစေတယ်။ အားကစားလုပ်ဖို့အတွက်လည်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။

 

၄။ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကို ပြေလျော့စေပါတယ်

 

ဆောင်းရာသီမှာ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့်ရော၊ အပြင်က ပင်ပန်းပြီး ပြန်လာတဲ့အချိန်မှာ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ တောင့်တင်းနေတတ်ပါတယ်။ အနှိပ်ခံစရာမလိုပဲ ပြေလျော့စေဖို့ ရေနွေးလေးနဲ့ ရေချိုးပေးရင် အဆင်ပြေသွားမှာပါ။

 

၅။ ချွဲသလိပ်နဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်

 

ဆောင်းရာသီမှာ မကြာခဏ ကြုံရတတ်တဲ့ အအေးမိတုပ်ကွေး ဝေဒနာကြောင့် လည်ချောင်းမှာ ချွဲတွေကြပ်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေ ဖြစ်နိုင်ပါတယ်။ ရေပူရေနွေးနဲ့ ရေချိုး ပေးခြင်းဖြင့် ကြွက်သားတွေ ပြေလျော့စေတဲ့အပြင် လည်ချောင်းနာ၊ ချောင်းဆိုးဝေဒနာကိုပါ သက်သာ ပျောက်ကင်းစေနိုင်ပြီး အသက်ရှူရတာ လွယ်ကူစေပါတယ်။

 

၆။ စိတ်ဖိစီးမှုနဲ့ ညအိပ်မပျော်တာကို လျော့နည်းစေနိုင်ပါတယ်

 

ရေပူရေနွေးဟာ စိတ်ကို တည်ငြိမ်လန်းဆန်းစေတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ လာဗင်ဒါ အဆီအနှစ်ကို ရေထဲမှာ ထည့်ပြီး ချိုးပေးမယ်ဆိုရင် စိတ်ကိုပိုပြီး ကြည်လင်လန်းဆန်းစေပြီး ခေါင်းကိုက်တာတွေပါ ပျောက်ကင်း စေနိုင်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်